“မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ကျင်းပမည်”
31 Dec
မန္တလေးမဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ ကျင်းပ သွားမယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် က ပြောခဲ့ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာကျင်းပတဲ့ မန္တလေး မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်ပြန်လည်တင်လှူခြင်းနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်စဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမဟာမုနိဘုရားကြီး ရွှေထီးတော်အသစ်တင်လှူပူဇော်ပွဲကို နိုင်ငံတော်အဆင့်အခမ်းအနားနဲ့ ကျင်းပ ပြုလုပ်မှာဖြစ်တဲ့အတွက် လုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက်သွားကြရန်၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးနဲ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနဲ့ ဘုရားကြီးပရဝဏ်အတွင်းရှိ သာသနိက အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိမှာတော့ ထိခိုက်ပျက်စီးခဲ့မှုများကို ပြန်လည် ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ (NVS 004)