“ရွေးကောက်ပွဲက ဒီမိုကရေစီတန်ဖိုးများကို ပေါ်လွင်ထင်ဟပ်စေကြောင်း UEC ဥက္ကဋ္ဌပြောကြား”
30 Dec
ရွေးကောက်ပွဲက နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခြင်းတစ်ခုတည်းအတွက် မဟုတ်ဘဲ ပြည်သူအားလုံး ပါဝင်ဆောင်ရွက်နိုင်မှု၊ လွတ်လပ်မှုနှင့် တရားမျှတမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုစသည့် ဒီမိုကရေစီ၏ တန်ဖိုးများကို ပေါ်လွင်ထင်ဟပ်စေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသန်းစိုး က ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲအပိုင်း(၁)ကို လာရောက်လေ့လာခဲ့တဲ့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ ကို ဒီဇင်ဘာလ ၂၈ ရက်ညနေပိုင်းက ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံစဥ် UEC ဥက္ကဋ္ဌ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ UEC ဥက္ကဋ္ဌ ဦးသန်းစိုး က ယနေ့ကျင်းပတဲ့ရွေးကောက်ပွဲက မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် အရေးကြီးတဲ့မှတ်တိုင်တစ်ခုဖြစ်ကာ မဲဆန္ဒရှင်များက မိမိမဲပေးပိုင်ခွင့်ကို အသုံးပြုပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြကာ နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များမှ ရွေးကောက်ပွဲကျင်းပတဲ့ လုပ်ငန်းစဉ် တစ်လျှောက် ဘက်လိုက်မှုမရှိဘဲ စောင့်ကြည့်လေ့လာခဲ့ကြတာကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံ၏ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် တည်ဆောက်ရာမှာ အထောက်အကူဖြစ်စေမည့် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ကောင်းမွန်တဲ့ လေ့လာတွေ့ရှိချက် များနှင့် အကြံပြုချက်များကို စောင့်မျှော်နေမည်ဖြစ်ကာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်မှုက မြန်မာနိုင်ငံ အတွက် ကောင်းမွန်သည့်အရွေ့တစ်ခုအား ဖော်ဆောင်နိုင်မည်ကို ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် UEC ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုညစာသုံးဆောင်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနက ယဉ်ကျေးမှုအကအဖွဲ့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုပန်းခြင်းများနှင့် ဂုဏ်ပြုငွေများချီးမြှင့်ခဲ့ကြပါတယ်။ (NVS 004)