ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန် UEC အကြောင်းကြား
12 Dec
ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရန် နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်မရှိသူများအား သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ရန် မဲဆန္ဒရှင် ပြည်သူများအား နှိုးဆော်အသိပေးနိုင်ရန် နိုင်ငံရေးပါတီများသို့ ပြည်ထောင်စုကော်မရှင်က အကြောင်းကြားထားပါတယ်။ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၅၃(က)နှင့် (ခ)အရ ရွေးကောက်ပွဲကျင်းပသည့်ရက်တွင် သက်ဆိုင်ရာမဲရုံ၌ မဲပေးခွင့်ရရှိရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်တို့ ပါရှိရမှာဖြစ်ပါတယ်။ မဲစာရင်းတွင်ပါဝင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်များ ပျက်စီး၊ ပျောက်ဆုံး၍ လက်ဝယ်မရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ အမြန်ရရှိရေး ဆောင်ရွက်နိုင်ရန် မဲဆန္ဒရှင်ပြည်သူများသို့ နိုင်ငံရေးပါတီများမှ နှိုးဆော်ပေးအသိပေးနိုင်ရန်နှင့် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ UEC မှ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)