“အာဆီယံ- ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို မြန်မာပါဝင်တက်ရောက်”
09 Dec
ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို ဒီဇင်ဘာလ ၈ ရက်က ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ကင်ဘာရာမြို့မှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ ကင်ဘာရာမြို့အခြေစိုက် အာဆီယံ-ကင်ဘာရာကော်မတီ (ASEAN Committee in Canberra-ACC) အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းသံရုံးက အာဆီယံ-ကင်ဘာရာကော်မတီ၏ သံရုံး အကြီးအကဲများ အစည်းအဝေးကို ကင်ဘာရာမြို့ရှိ ထိုင်းသံရုံးမှာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း အာဆီယံ-ကင်ဘာရာကော်မတီမှ ဆောင်ရွက်ခဲ့တဲ့ လှုပ်ရှားမှုများအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးခြင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ဆောင်ရွက်သွားမယ့် အဆိုပြုလုပ်ငန်း အစီအစဉ်များ အပေါ် ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးအပြီးမှာ ထိုင်းသံအမတ်ကြီး H.E. Ms. Arjaree Sriratanaban က အာဆီယံ-ကင်ဘာရာ ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Pham Hung Tam ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 004)