လာလီဂါ တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့တဲ့ ယာမယ်
07 Dec
ဘာစီလိုနာအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကြယ်ပွင့်ကစားသမား ယာမယ် ဟာ နိုဝင်ဘာလအတွက် လာလီဂါ တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။ ယာမယ် အနေနဲ့ နိုဝင်ဘာလထဲမှာ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်တွေမှာ ဘာစီလိုနာအသင်းအတွက် ၃ ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ယာမယ် က နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ အယ်ချီ၊ ဆယ်တာဗီဂို၊ အလာဗက်စ်အသင်းတွေနဲ့ ပွဲစဉ်တွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး ဘီလ်ဘာအိုအသင်းနဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ၂ ကြိမ်လုပ်ပေးခဲ့သလို အလာဗက်စ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ တစ်လတာအကောင်းဆုံးဆုအတွက် မဲပေးမှုမှာ ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ၊ အက်သလက်တီကို တိုက်စစ်မှူး ဂရေ့ဇ်မန်း တို့ကို ကျော်ဖြတ်ပြီး တစ်လတာအကောင်းဆုံးဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အခုရာသီ အစပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ကွင်းပြင်ပ အရှုပ်အထွေးများကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နိုဝင်ဘာလ အတွင်းမှာ ပုံစံကောင်းကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။(NVS 008)