ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၌ လက်နက်များပစ်ခတ်သံကြားရပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် စွပ်စွဲ ပြစ်တင်
28 Sep
ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယားနိုင်ငံတို့ကြားရှိ နယ်စပ်ဒေသ၌ စက်တင်ဘာလ ၂၇ ရက်တွင် စိန်ပြောင်းနှင့် သေနတ်ပစ်ခတ်သံများကြားရကြောင်းနှင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲအပြစ်တင်မှုများ လုပ်ဆောင် ကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံ ပရီယာဗီဟီယာပြည်နယ်ရှိ စစ်စခန်းတစ်ခုကို ထိုင်းတပ်မတော်က စိန်ပြောင်း များဖြင့်ပစ်ခတ်မှုလုပ်ကြောင်း ကမ္ဘောဒီးယားဘက် က ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယား စစ်သည်များသည် ထိုင်းနိုင်ငံရှိစစ်စခန်းနေရာများကို လက်နက်ငယ်များ၊ ဗုံးပစ်လာသောကြောင့် ထိုင်းစစ်သည်များက တင်းကျပ်သောလုပ်ထုံးလုပ်နည်းများအရ လိုအပ်သလောက်သာ တုံ့ပြန်ပစ်ခတ်ခြင်း ဖြစ် ကြောင်း ထိုင်းတပ်မတော် ဘက် က ထုတ်ပြန်သည်။ သို့သော် ထိုင်းတပ်ဖွဲ့များက နံနက် ၁၁ နာရီ ၅၂ မိနစ်တွင် အန်ဆီနယ်မြေအတွင်းရှိ ကမ္ဘောဒီးယား စစ်စခန်း တစ်ခုကို စိန်ပြောင်း ဗုံးသီးများစွာ၊ လက်နက်ငယ်များစွာ အသုံးပြုပစ်ခတ်မှုများလုပ်ဆောင်ခြင်းအားဖြင့် တိုက်ခိုက်မှု ကို စတင်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ကမ္ဘောဒီးယားတပ်မတော် က ထိုအခြေအနေကို ဂရုတစိုက်ဖြင့် အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ကို ကာကွယ်ရန် အသင့်ပြင်ဆင်ထားကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မယ်လီဆိုချီတာ က ပြောသည်။ ထို့အတူ မွန်းတည့် ၁၂ နာရီနှင့်မွန်းလွဲ ၁၂ နာရီခွဲကြားတွင် ကမ္ဘောဒီးယားစစ်သည်များက ဥဘွန်ရက်ချာထာနီပြည်နယ်ရှိ ချောင်အန်မာဒေသ ၌ အခြေစိုက်သော ထိုင်းစစ်စခန်းများကို လက်နက်ငယ်များ၊ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်လာသည်ဟု အမှတ်(၂) စစ်ဒေသထံမှ သတင်းပေးပို့လာသည်ဟု ထိုင်းတပ်မတော်မှပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်း ဆူဝါရီး က ပြောထား ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။