နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးနိုင်ရေး နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့တွင် ခွင့်ပြုပေးသွားမည်
27 Sep
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ် စည်းရုံးနှင့်ပတ်သက်ပြီး နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြချက်များကို အောက်တိုဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂၆ ရက်အတွင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၂၅ ရက်တွင် အသိပေးကြေညာထားရှိပါတယ်။ နိုင်ငံရေးပါတီများအနေဖြင့် မိမိတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ဟောပြောတင်ပြနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်းနှင့် ဟောပြောတင်ပြလိုသည့် နိုင်ငံရေးပါတီများအနေဖြင့် သက်ဆိုင်ရာ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးများက အောက်တိုဘာလ ၁၅ ရက် နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ဟောပြောမည့် စာမူနှင့်အတူ ခွင့်ပြုမိန့်လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားရမည့် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်များတွင် မဲဆွယ်စည်းရုံးခြင်းမပြုလုပ်လိုပါကလည်း မပြုလုပ်လိုကြောင်း အကြောင်းကြားစာကို ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားရှိပါတယ်။ လျှောက်ထားကြသည့် နိုင်ငံရေးပါတီများအနေဖြင့် အလှည့်ကျဟောပြောတင်ပြနိုင်ရန် ရရှိသည့် နေ့ရက် အချိန်ဇယားကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညိနှိုင်းသတ်မှတ်ပေးမည်ဖြစ်ကြောင်းသိရပါတယ်။(NVS 004)