နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေး
27 Sep
ရုရှားဖက်ဒေရေးရှင်းနိုင်ငံသို့ အလုပ်သဘောရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီ သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင် သည် စက်တင်ဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)ညွှန်ကြားရေးမှူးချုပ် Mr.Alexey Likhachev နှင့် Radission Collection ဟိုတယ်၌ နျူကလီးယား စွမ်းအင် ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးရာတွင် “ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်(World Atomic Week Forum)” ကျင်းပပြုလုပ်မှုအပေါ် သုံးသပ်မှုအမြင်များ၊ မြန်မာနိုင်ငံနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အမျိုးသားအဆင့် နျူကလီးယား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ လူ့စွမ်းအားအရင်းအမြစ်မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှုအရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုမှု ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (ROSATOM)တို့ အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachevi သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း တို့က နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ရှေ့မှောက်၌ အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။(NVS 004)