ရုရှားထိန်းချုပ်ထားသော ယူကရိန်းနယ်မြေများအတွက် နျူကလီးယားစွမ်းအင် ဖြည့်ဆည်းပေးရေး ဘယ်လာရုစ်သမ္မတ အဆိုပြု

27 Sep

ရုရှားတပ်များ ထိန်းချုပ်ထားသည့် ယူကရိန်းအရှေ့ပိုင်းဒေသများကို လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးရေး အတွက် ဘယ်လာရုစ်နိုင်ငံအရှေ့ပိုင်း၌ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အစီအစဉ်ကို ဘယ်လာရုစ်သမ္မတ လူကာရှန်ကို က အဆိုပြုထားသည်။ မော်စကိုမြို့ ကရင်မလင်နန်းတော်၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးစဉ် အဆိုပါအစီအစဉ်ကို ဘယ်လာရုစ်သမ္မတ က အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ရုရှားနိုင်ငံအနောက်ပိုင်းနှင့် ယူကရိန်းအရှေ့ပိုင်း လွတ်မြောက်ဒေသများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိခဲ့မည်ဆိုလျှင် ဘယ်လာရုစ်အရှေ့ပိုင်းဒေသ၌ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ချက်ချင်းတည်ဆောက်၍ ရနိုင်ကြောင်း ဘယ်လာရုစ်သမ္မတက ရုရှားသမ္မတနှင့်တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။ အဆိုပါကမ်းလှမ်းချက်သည် ရုရှားသမ္မတပူတင်နှင့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကို တို့ကြား ဆက်ဆံရေးအတိုင်းအဆကို သက်သေပြလျက်ရှိသည်။ ဘယ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံ၏ အဓိကမဟာမိတ် ဖြစ်ပြီး ရုရှားအစိုးရ၏ ယူကရိန်းပဋိပက္ခကို အားပေးထောက်ခံမှုပေးထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကလည်း ဘယ်လာရုစ်နိုင်ငံနှင့် အနောက်အုပ်စု နိုင်ငံများကြား ဆက်ဆံရေးအခြေအနေ ပြန်လည်တိုးတက်လာရေး ကြိုးစားလျက်ရှိကြောင်း သိရသည်။

27 Sep

ADVERTISE HERE .