“အိန္ဒိယက ရထားအခြေပြုဒုံးပစ်လောင်ချာမှတစ်ဆင့် Agni Prime ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်”

26 Sep

အိန္ဒိယတပ်မတော်က ရထားအခြေပြုဒုံးပစ်လောင်ချာမှနေ၍ တာလတ်ပစ်အမျိုးအစားဖြစ်သည့် Agni Prime ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်လိုက်နိုင်ကြောင်းသိရသည်။ အဆိုပါစမ်းသပ်ပစ်လွှတ်မှုကို စက်တင်ဘာလ ၂၅ ရက်တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဒုံးကျည်အမျိုးအစားကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခြင်းသည် နိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းတင်လိုက်နိုင်ခြင်းဖြစ်သည်။ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာဂျနာဆင်း က Angi Prime ဒုံးကျည်ကို ရထားအခြေပြုဒုံးပစ်လောင်ချာမှ ပစ်လွှတ်နိုင်ခြင်း သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုကဲ့သို့စမ်းသပ်ပစ်ခတ်နိုင်ခြင်းသည် အိန္ဒိယနိုင်ငံ၏တိုးတက်လာသော မဟာ ဗျူဟာမြောက်ဟန့်တားနိုင်စွမ်းကို ဖော်ညွှန်းပြသနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယခုကဲ့သို့ဒုံးပစ်လောင်ချာဖြင့် တာလတ်ပစ်ဒုံးကျည်ကိုပစ်လွှတ်နိုင်ခြင်းသည် ရထားအခြေပြု ရွေ့လျားလောင်ချာအနေဖြင့် နိုင်ငံတစ်ဝန်းရှိ မီးရထားလမ်းများသို့ ကြိုက်သလိုသွားလာပြီး အချိန်တိုအတွင်း လူမသိသူမသိပစ်ခတ်နိုင်စွမ်းကို အိန္ဒိယတပ်မတော်က ပိုင်ဆိုင်လိုက်ပြီဖြစ်ကြောင်း ၎င်း က ဆက်ပြောသည်။ ယခု စမ်းသပ်ပစ်လွှတ်လိုက်သည့် Agni Prime ဒုံးကျည်သည် မျိုးဆက်သစ်အမြင့်ပျံဒုံးကျည် အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၂,၀၀၀ အကွာအဝေးရှိ ပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိသည်။ ယင်းဒုံးကျည်အမျိုးအစားကို အိုဒစ်ရှာ ပြည်နယ် ချန်ဒီပူရ၌ ဩဂုတ်လတွင် အောင်မြင်စွာစမ်းသပ်နိုင်ပြီးနောက် ထိုဒုံးကျည်ကိုပင် ရထားအခြေပြု ဒုံးပစ် လောင်ချာမှ စမ်းသပ်ပစ်လွှတ်မှုလုပ်ဆောင်ခြင်း ဖြစ်သည်။ ယခုပစ်လွှတ်မှုကို ကာကွယ်ရေးသုတေသနဌာန၊ မဟာဗျူဟာမြောက်တပ်ဖွဲ့များကွပ်ကဲမှုဌာနချုပ်တို့က ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု TOLO သတင်းဌာန ဖော်ပြချက်အရ သိရသည်။

26 Sep

ADVERTISE HERE .