“မြန်မာနိုင်ငံမှာ နယ်ပယ်အလိုက်ပညာရှင်များစွာလိုအပ်နေ၊ လူငယ်များကို နိုင်ငံ့အနာဂတ်ပဲ့ကိုင်ရှင်များအဖြစ် သတ်မှတ်ထား”
26 Sep
မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ စက်တင်ဘာလ ၂၅ ရက်က မော်စကိုမြို့ရှိ RADISSON COLLECTION ဟိုတယ်၏ Conference Hall တွင် လူငယ်နှင့်အနာဂတ် မြန်မာ-သိပ္ပံနှင့်နည်းပညာခေါင်းစဉ်နဲ့ သိပ္ပံပညာရပ်ဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲမှာ တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။ ယာယီသမ္မတက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ၊ စက်မှု နည်းပညာဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာနယ်ပယ်တွေမှာ ပညာရှင်တွေများစွာ လိုအပ်နေပါတယ်။ အခုလိုပြည်တွင်းမှာ အလုပ်လုပ်နိုင်တဲ့အရွယ် လူဦးရေအချိုးအစားများပြားပေမယ့် စက်မှု၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်တွေရှိနေဆဲဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် လူငယ်များကို ဝေဖန်ပိုင်းခြားတွေးခေါ်တတ်မှု၊ ခွဲခြမ်းစိတ်ဖြာသုံးသပ်တတ်မှု၊ ပြဿနာကိုကိုင် တွယ်ဖြေရှင်းနိုင်မှု၊ စုပေါင်းဆောင်ရွက်နိုင်မှု စွမ်းရည်များအပြင် စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားဝေဖန်ပိုင်းခြားနိုင်စိတ်၊ မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်များရှင်သန်ကိန်းအောင်းလာစေရန် ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။ အသိဉာဏ်ပညာပြည့်စုံတဲ့ လူငယ်ပညာရှင်များပေါ်ထွန်းလာရေး၊ အသိပညာ၊ အတတ်ပညာ၊ စွမ်းရည်များနှင့် ပြည့်စုံပြီး အရည်အသွေးမြင့်မားတဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်တည်လာစေရေးလူငယ်များကို နိုင်ငံ့အနာဂတ် ပဲ့ကိုင်ရှင်များအဖြစ်သတ်မှတ်ကာ နိုင်ငံသားတိုင်းအားလုံးက လူငယ်စွမ်းရည်မြှင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် အမှန်တကယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိဖိစီးစီးလုပ်ဆောင်ကြရမယ်လို့ ပြောကြားခဲ့ပါတယ်။ ခေတ်နှင့်အညီတိုးတက်ပြောင်းလဲနေတဲ့ သိပ္ပံနည်းပညာများကို မျက်ခြည်မပြတ်ဆည်းပူးလေ့လာပြီး မိမိတို့ တတ်ကျွမ်းတဲ့ပညာရပ်နှင့် နိုင်ငံအကျိုးပြုသုတေသနလုပ်ငန်းများမှာ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကာ သင်ကြားပေးလိုက်တဲ့ ခေတ်မီနည်းပညာများကို နိုင်ငံအတွင်းထိရောက်စွာအသုံးချနိုင်ရေး၊ နိုင်ငံ့အကျိုးစီးပွား အတွက် လက်ဆင့်ကမ်းလွှဲပြောင်းထမ်းဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမယ်လို့ တိုက်တွန်း မှာကြားခဲ့ပါတယ်။ (NVS 004)