“မြန်မာနိုင်ငံမှာ အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်မည်”
26 Sep
မြန်မာနိုင်ငံ၌ အငယ်စားနျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် ROSATOM နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၂၅ ရက်ကက ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Atom Museum မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အဏုမြူ သီတင်းပတ်ဖိုရမ်၏ “နည်းပညာသစ်မွေးဖွားခြင်းမှ ကမ္ဘာသစ်အမြင်ဆီသို့” ခေါင်းစဉ်ဖြင့်ပြုလုပ်သော မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတွင် မြန်မာနိုင်ငံတော် ယာယီသမ္မတ က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ယာယီသမ္မတက မြန်မာနိုင်ငံမှာ ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယားလျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ရန် ROSATOM နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ၍ လိုအပ်တဲ့အခြေခံအဆောက်အဦများနှင့် အခြားကဏ္ဍပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် ရုရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA)အနေနဲ့ မြန်မာနိုင်ငံ၏ နျူကလီးယား စွမ်းအင်အကောင်အထည်ဖော်ရာမှာ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးရန် မေတ္တာရပ်ခံကာ ဖိုရမ်တက်ရောက်လာတဲ့ နိုင်ငံများအနေနဲ့လည်း နျူကလီးယားနည်းပညာကဏ္ဍနှင့်ပတ်သက်၍ သင့်လျော်ရာ Sector များမှာ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက နျူကလီးယားစွမ်းအင်အသုံးပြုနိုင်ရန် ၂၀၂၂ ခုနှစ်မှစ၍ ရုရှားနိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပို ရေးရှင်း(ROSATOM)နှင့် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးကာ နျူကလီးယား စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ (NVS 004)