“တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်မည်”

25 Sep

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၄ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး ကျင်းပစဉ်အတွင်း နေ့ပိုင်းတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်းအရုပ်အုပ်စု မီးပုံးပျံများနှင့် ညပိုင်းတွင် စိန်နားပန်မီးပုံးပျံ၊ ညမီးကျည်မီးပုံးပျံများကို လွှတ်တင်သွားမှာဖြစ်ပါတယ်။ ယခင်နှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အရုပ်အုပ်စုမီးပုံပျံ ခြောက်လုံး၊ ညမီးကျည် အပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၄၉ လုံးခန့်သာ လွှတ်တင်နိုင်ခဲ့ပြီး ယခုနှစ်တွင် တစ်နေ့လျှင် အရုပ်အုပ်စုမီးပုံးပျံ ၁၀ လုံးခန့်၊ ညမီးကျည်အပါအဝင် စိန်နားပန်မီးပုံးပျံ အလုံးရေ ၇၀ ကျော်ထိ လွှတ်တင်နိုင်ရန် စီစဉ်ထားရှိပါတယ်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာ နှစ်စဉ် ကျင်းပလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်တွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူဦးရေ ငါးသိန်းကျော်ထိရှိခဲ့ပါတယ်။ ယခုနှစ်မီးပုံးပျံပွဲတော်သို့ လာရောက်လည်ပတ်ကြသူများအနေနဲ့ တန်ဆောင်မုန်းလပြည့်ကျော်ရက်များတွင် ဟိုပုံး မီးပုံးပျံပွဲတော်နှင့် ကလောမီးချောတိုင်ပွဲတော်ကို လည်ပတ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

25 Sep

ADVERTISE HERE .