“မြောင်မြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၂,၉၈၈ ဧက စိုက်ပျိုးမည်”
25 Sep
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် မြောင်မြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၂,၉၈၈ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မြောင်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ၁၂,၉၈၈ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် အောက်တိုဘာလ ပထမပတ်မှ စတင်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ နေကြာများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပညာပေးသင်တန်းများ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်း၊ ဝန်ထမ်းနှင့် နေကြာစိုက်ပျိုးမည့် တောင်သူများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် အသိပညာပေးသင်တန်းများကို တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ နေကြာကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုဖူလုံစေမည့် အပြင် ပိုလျှံမှုကိုလည်း ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသမရွေးကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း သိရပါတယ်။ (NVS-004)