“၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၆၄ သင်း ပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးချဲ့ရန် ဖီဖာနဲ့ တောင်အမေရိကတာဝန်ရှိသူတွေ ဆွေးနွေး”
25 Sep
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နဲ့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(CONMEBOL)ရဲ့ တာဝန်ရှိသူတွေ ဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၆၄ သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် တိုးချဲ့ဖို့ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါဆွေးနွေးပွဲမှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို နဲ့အတူ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဂျန်ဒရိုဒိုမင်ဂွက်ဇ်၊ ဥရုဂွေးနဲ့ ပါရာဂွေးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတွေ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီနဲ့ စပိန်တို့က ပူးတွဲအိမ်ရှင်အဖြစ် အဓိကလက်ခံကျင်းပမှာဖြစ်ပေမဲ့ အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဥရုဂွေးနိုင်ငံတွေမှာလည်း တစ်ပွဲစီ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်(၁၀၀) ပြည့်အဖြစ် ကျင်းပမယ့် အဲဒီပြိုင်ပွဲမှာ အသင်းအရေအတွက် တိုးမြှင့်ဖို့ တောင်အမေရိကတာဝန်ရှိသူတွေက မတ်လကတည်းက အဆိုပြုခဲ့ပြီး ယခုအခါ အင်ဖန်တီနိုနဲ့ ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)