“ဘန်ကောက်မြို့ရှိ ဝဇီရာဆေးရုံရှေ့၌ အနက်မီတာ ၂၀ ရှိသည့် အလွန်ကြီးမားသော မြေကျွံမှုကြီးဖြစ်ပွား”
25 Sep
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဝဇီရာ ဆေးရုံရှေ့၌ စက်တင်ဘာလ ၂၄ ရက်တွင် အနက်မီတာ ၂၀ အထိ ရှိသည့် အလွန်ကြီးမားသော မြေကျွံမှုကြီးတစ်ခုဖြစ်ပွားသည် ဟုသိရသည်။ အဆိုပါဖြစ်စဉ်သည်ဆစ်ဆန်း လမ်းမကြီးပေါ်၌ နံနက် ၇ နာရီ ၁၃ မိနစ် တွင်ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်ပေါ်လာသည့် မြေကျင်းကြီးမှာ အလျားမီတာ ၃၀ နှင့် အကျယ်မီတာ ၃၀ အထိရှိသည်။ ထို့ပြင် ဝဇီရာဆေးရုံ၏မြေအောက် ဘူတာရုံတည်ဆောက်မှုလုပ်ငန်းအပေါ်၌ ထိုမြေကျွံမှုကြီးဖြစ်ပွားခြင်း ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှမရှိကြောင်းတာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ အဆိုပါမြေအောက်မီးရထားဘူတာရုံ တည်ဆောက်ရေးလုပ်ငန်းခွင်၌ မီးရထားသံလမ်းများကို နေရာချ ထားနေစဉ် အပေါ်ဘက်ရှိမြေကြီးပြိုကျလာခြင်းဖြစ်ကြောင်းနှင့် မြေကြီးများသည် မြေအောက်ဘူတာရုံထဲသို့ ဝင်သွားကြောင်း၊ ပျက်စီးသွားသည့် ရေပိုက်များထဲမှရေများက မြေကျင်းကြီးထဲသို့ဝင်သွားသည့်အတွက်လည်း မြေကျွံကျမှုက ပိုမိုကြီးမားသွားခြင်းဖြစ်ကြောင်း ဘန်ကောက်မြို့တော်ဝန် ချတ်ချာ့ဆစ်တီပန့် က ပြောသည်။ မြေကျွံမှုဖြစ်ပွားသည့် မြေကျင်းကြီးထဲသို့ လမ်းမီးတိုင်နှစ်တိုင်နှင့် ရဲတပ်ဖွဲ့မှကားတစ်စီးတို့ ပြုတ်ကျသွား ကြောင်း၊ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာ၏ မီတာ ၁၀၀ ပတ်လည်ကိုစောင့်ကြည့်မှုများ လုပ်ဆောင် နေကြောင်းနှင့် လမ်းပိုင်၊ အချို့ကိုလည်းပိတ်ထားကြောင်း တာဝန် ရှိသူများကထုတ်ပြန်ထားသည်။ ထို့နောက် အခင်းဖြစ်ပွားရာနေရာသို့ ထိုင်းနိုင်ငံဝန်ကြီးချုပ်အာနုတင်ချန်ပီရာက္ခ ကသွားရောက် စစ်ဆေးပြီးနောက် ပျက်စီးသွားသောလိုဏ်ခေါင်းနှင့် လမ်းပိုင်းကို ပြန်လည်ပြင်ဆင်ရန် တစ်နှစ်ခန့် အချိန်ယူရမည် ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနကနေ သိရသည်။