“အာရှအကြီးဆုံး ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ၌ မြန်မာနိုင်ငံကော်ဖီအသင်းဝင်ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများ ပါဝင်ပြသ”
25 Sep
ဂျပန်နိုင်ငံ၊ Tokyo International Exhibition Center မှာကျင်းပတဲ့ ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့် ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition)ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၄ ရက်၊ နံနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် မှ အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ Specialty Coffee Association of Japan ၏ ဥက္ကဋ္ဌ Mr. Yoshihito KATO ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြပွဲမှာ ပါဝင်ပြသကြသော ကော်ဖီထုတ်လုပ်တင်ပို့ရောင်းချတဲ့ နိုင်ငံများမှ သံအမတ်ကြီးများနှင့်သံရုံးများမှ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ Specialty Coffee Association of Japan က ကြီးမှူးကျင်းပသည့် ကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့် ညီလာခံသည် အာရှတွင် အကြီးဆုံးကော်ဖီပြပွဲဖြစ်ပြီး ၂၀၀၅ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့ရာ ယခုအခါ အကြိမ် ၂၀ မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပြပွဲကို စက်တင်ဘာလ ၂၄ ရက်မှ ၂၇ ရက်အထိ ၄ ရက်ကြာ ကျင်းပသွားမည် ဖြစ်ပါတယ်။ အဆိုပါကမ္ဘာ့အထူးတန်းဝင် ကော်ဖီပြပွဲနှင့်ညီလာခံ (SCAJ2025 World Specialty Coffee Conference & Exhibition) ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာသံရုံး၊ တိုကျိုမြို့နှင့် အာဆီယံ-ဂျပန် စင်တာတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်သော မြန်မာနိုင်ငံ ကိုယ်စားပြုပြခန်းတွင် မြန်မာနိုင်ငံကော်ဖီအသင်းဝင် ကုမ္ပဏီများက မြန်မာ့အထူးတန်းဝင်ကော်ဖီများကို ပါဝင်ပြသခဲ့ကြသလို လက်တွေ့သရုပ်ပြ ကော်ဖီဖျော်စပ်မှု များကို ပြုလုပ်ခဲ့ကြပါတယ်။ မြန်မာ့အထူးတန်းဝင်ကော်ဖီကို ဂျပန်နိုင်ငံနှင့် နိုင်ငံတကာဈေးကွက်သို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ မြန်မာ့ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်ရေး၊ နိုင်ငံတကာဈေးကွက်ချိတ်ဆက်မှုများ ရရှိစေရေး၊ လုပ်ငန်းရှင်များကို နိုင်ငံတကာပြပွဲ အတွေ့အကြုံများရရှိစေရေးနှင့် အခြားလုပ်ငန်းရှင်များ၏ နည်းပညာနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ အခြေအနေများကို လေ့လာ၍ မြန်မာ့ကော်ဖီထုတ်လုပ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံကိုယ်စားပြုပြခန်းကို ဖွင့်လှစ်ပြသခြင်းဖြစ်ပါတယ်။ အဆိုပါပြပွဲမှာ နိုင်ငံပေါင်း ၇၀ မှ ကုမ္ပဏီပေါင်း ၄၅၀ ကျော်က ပြခန်းပေါင်း ၆၅၀ ဖွင့်လှစ်ပြသသွားမည် ဖြစ်ပြီး ပြပွဲသို့ နှစ်စဉ်ဧည့်သည် ၇၀,၀၀၀ ကျော် လာရောက်ကြည့်ရှုလေ့ရှိကြောင်း သိရပါတယ်။ (NVS 004)