“မကြာမီအချိန်အတွင်း မြို့ ၄ မြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနိုင်”

25 Sep

စစ်တောင်းမြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်နှင့် ဘီးလင်းမြစ်ရေတို့က မကြာမီနာရီပိုင်းအတွင်း တောင်ငူမြို့၊ ပဲခူးမြို့၊ ဘားအံမြို့နှင့် ဘီးလင်းမြို့တို့၏ စိုးရိမ်ရေမှတ်များသို့ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာလ ၂၅ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်တောင်းမြစ်ရေက တောင်ငူမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ပါတယ်။ ဆက်လက်ပြီး စစ်တောင်းမြစ်ရေက မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်အောက် ၂ လက်မခန့်မှာ ရောက်ရှိနေပြီးနောက် ၁၂ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။ ပဲခူးမြစ်ရေနေနဲ့ ပဲခူးမြို့၏စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲခန့်မှာ ရောက်ရှိနေပြီး နောက်လာမည့် ၁၂ နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင်သံလွင်မြစ်ရေက ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော် ကျော်လွန်နေပြီး မြို့၏စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဘီးလင်းမြစ်ရေက ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် အောက် ၁ ပေခွဲကျော်ရောက်ရှိနေပြီး နောက်လာမယ့် ၂၄ နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေနဲ့ ကြိုတင် သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် သတိပေးနှိုးဆော်ထားကြောင်း သိရပါတယ်။ (NVS 004)

25 Sep

ADVERTISE HERE .