“သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု စီမံကိန်းအသစ်များ ရှာဖွေတူးဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်မည်”
25 Sep
သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းသည် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးပြီး မြန်မာနိုင်ငံရှိ ရတနာ၊ ဇောတိက၊ ရဲတံခွန်နှင့် ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းကြီး ၄ ခုမှာ သက်တမ်းကာလကြာမြင့်နေပြီဖြစ်၍ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု တဖြည်းဖြည်းလျော့နည်းလာရာ သဘာဝဓာတ်ငွေ့ထုတ်လုပ်ခြင်းအတွက် စီမံကိန်း အသစ်များကို ရှာဖွေတူးဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စု ဝန်ကြီးဦးတင်အောင်စန်း က ပြောကြားခဲ့ပါတယ်။ လက်ရှိဆောင်ရွက်လျက်ရှိသော သဘာဝဓာတ်ငွေ့စီမံကိန်းကြီး ၄ ခုမှ သဘာဝဓာတ်ငွေ့များထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိရာ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေပြီး ပြည်တွင်းသုံးအဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများ၊ CNG သုံးမော်တော်ယာဉ်များ၊ စက်ရုံအလုပ်ရုံများအတွက် သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ဒါကြောင့် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်နိုင်ရန် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်ဆောင်ရွက်ရမည်ဖြစ်ကာ ရေနံတွင်းသစ် များ နေရာသတ်မှတ်နိုင်ရေးအတွက် တိုင်းတာရရှိခဲ့သော ဆိုက်စမစ်အချက်အလက်များ ဘူမိရူပဆန်းစစ် အကဲဖြတ်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်အတွင်းပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုင်တွန်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကရေနံတူးဖော်ခြင်းလုပ်ငန်းများကို နည်းစနစ်တကျလုပ်ကိုင်နိုင်ရန် ရေနံလက်ယက်တွင်း လုပ်ငန်းများအစား နည်းစနစ်ကျတွင်းများ ဖြစ်ပေါ်လာစေရေးကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း အခုလိုဆောင်ရွက်လျက်ရှိတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းအောက်ရှိ ကမ်းလွန်ရေနံအခြေစိုက်စခန်း (သာကေတ)ကို စက်တင်ဘာလ ၂၃ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့စဉ် ပြည်ထောင်ဝန်ကြီးက ပြောကြားခဲ့ ပါတယ်။ နိုင်ငံတော်ရဲ့ စွမ်းအင်သုံးစွဲမှုအချိုးမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကအရေးပါတဲ့ အခန်းကဏ္ဍမှာရှိကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် ရေအားနှင့်သဘာဝဓာတ်ငွေ့များကို အဓိကအသုံးပြုနေရသဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ရန် စွမ်းအင်ကဏ္ဍ တစ်နည်းအားဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလေးထားဆောင်ရွက်ရမယ် လို့ မှာကြားခဲ့ပါတယ်။ (NVS 004)