၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်နိုင်ရန်ဆောင်ရွက်နေ

24 Sep

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထုတ်ပြန်ကြေညာခြင်းကို နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါအစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်း၏ အနှစ်သာရသည် စာရင်းကောက်ယူ နိုင်ခြင်းသာမက သန်းခေါင်စာရင်းအချက်အလက်များကို မူဝါဒချမှတ်သူများ၊ စီမံကိန်းရေးဆွဲသူများနှင့် စာရင်း အင်းအသုံးပြုသူများ လက်ဝယ်ရောက်ရှိအောင် ပံ့ပိုးပေးနိုင်မှသာ သန်းခေါင်စာရင်းကောက်ယူမှု အောင်မြင်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများနှင့် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြားမှ စီမံချက်ပါ သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ ထုတ်ပြန်ထားပြီးလည်း ဖြစ်ပါတယ်။ ထပ်မံထုတ်ပြန်မည့် ပြည်ထောင်စုအစီရင်ခံစာတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာခြင်း၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွားခြင်း၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာ၊ ‌သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်‌သေဆုံးခြင်း စသည့်အကြောင်းအရာများပါဝင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုအစီရင်ခံစာနှင့်အတူ အချက်အလက်အသုံးပြုသူများ လွယ်လွယ်ကူကူသိရှိ အသုံးပြုနိုင်ရန် အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားများ အစီရင်ခံစာတို့ကိုပါ တစ်ပါတည်းထုတ်ပြန်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

24 Sep

ADVERTISE HERE .