“ရုရှားနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် မြန်မာနိုင်ငံတော် ယာယီသမ္မတ ရုရှားနိုင်ငံသို့ထွက်ခွာ”
24 Sep
မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ဟာ ရုရှားနိုင်ငံသမ္မတမစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ မော်စကိုမြို့မှာ ကျင်းပမယ့် ကမ္ဘာ့အနုမြူသတင်းပတ်ဖိုရမ်တက်ရောက်ရန် အလုပ်သဘောခရီးစဥ်အဖြစ် စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်လေဆိပ်မှ အထူးလေယာဥ်နဲ့ ထွက်ခွာသွားခဲ့ပါတယ်။ အခုခရီးစဥ်အတွင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ က ရုရှားနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် အပါအဝင် ရုရှားနိုင်ငံမှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မှာဖြစ်ပြီး နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ ကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် ရုရှားနိုင်ငံသမ္မတမစ္စတာ ဗလာဒီမာပူတင် တို့ဟာ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့်အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားမှာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြီးခဲ့တဲ့မေလ ၉ ရက်က ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့မှာကျင်းပခဲ့တဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခဲ့ပြီး အခမ်းအနားတက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ခရီးစဥ်အတွင်း၌လည်း မြန်မာနိုင်ငံတော် ယာယီသမ္မတသည် နှစ်နိုင်ငံအစိုးရနှင့်ပြည်သူများကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံံမှာ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများ ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံပိုင်အနုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom အဖွဲ့အစည်းတို့ ပူးပေါင်းတည်ဆောက်ခဲ့တဲ့ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ရန်ကုန်မြို့မှာ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ စင်တာကို ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး ပညာရေး၊ ကျန်းမာရေး၊ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းအင်ဆိုင်ရာနှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံမှာ ကောင်းမွန်စွာအသုံးချနိုင်တဲ့ အသိအမြင်များကို ပြည်သူများလေ့လာသိရှိလာနိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင် အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဦးကိုကိုလွင်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ခရီးစဉ်တွင် လိုက်ပါသွားကြောင်း သိရပါတယ်။ (NVS 004)