“ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများကို အရေးယူ”

23 Sep

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာ နေရာများ၌ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံး လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ အခုလို ပြစ်မှုကျူးလွန်သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့်ပူးပေါင်း၍ ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ခြင်းများဆောင်ရွက်ခဲ့ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်ခြင်းပြုလုပ်သူ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်နေ ပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ) ပိုင်စိုး ၁၈ နှစ်၊ ဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး ၁၈ နှစ်၊ အောင်နိုင်လင်း ၁၇ နှစ်၊ဖြိုးပိုင်ဇေအောင် ၁၆ နှစ်နှင့် ထွန်းနေဦးလှိုင် ၁၄ နှစ်တို့ကို စက်တင်ဘာလ ၁၄ ရက်မှာ လွိုင်ကော်မြို့မရဲစခန်း(ပ)၂၁၈/၂၀၂၅ နဲ့လည်းကောင်း၊ ရွှေပြည်သာမြို့နယ်၌ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆန္ဒပြ၊ လှုံ့ဆော်ခြင်းပြုလုပ်ခဲ့သူ ရွှေပြည်သာမြို့နယ် အမှတ်(၅) ရပ်ကွက်နေသူများဖြစ်ကြသည့် ရဲသူရအောင် ၃၆ နှစ်၊ ကျော်ဝဏ္ဏ ၂၅ နှစ်၊ ချစ်ဝင်း ၄၅ နှစ်နှင့် ပြေထွန်း ၃၄ နှစ် တို့ကို စက်တင်ဘာလ ၁၆ ရက်တွင် ရွှေပြည်သာမြို့မရဲစခန်း (ပ) ၃၄၇/၂၀၂၅ ဖြင့် လည်းကောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က)ဖြင့် အသီးသီး အမှုဖွင့်ဖမ်းဆီးအရေးယူစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)

23 Sep

ADVERTISE HERE .