နိုင်ငံများစွာ၏ အသိအမှတ်ပြုခြင်းကို ရရှိသော်လည်း ပါလက်စတိုင်းနိုင်ငံ ထူထောင်လာနိုင်မည်မဟုတ်ဟု နေတန်ယာဟု ဆို

22 Sep

ဗြိတိန်၊ ကနေဒါနှင့် ဩစတြေးလျတို့သည် စက်တင်ဘာလ ၂၁ ရက်တွင် ပါလက်စတိုင်းနိုင်ငံအား အသီးသီး အသိအမှတ်ပြုခဲ့ကြသည်။ အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ပါလက်စတိုင်းနိုင်ငံကို ထူထောင်လာနိုင်မည်မဟုတ်ဟု ဆိုခဲ့သည်။ နေတန်ယာဟု က ကြေညာချက်အတွင်း၌ ပါလက်စတိုင်းနိုင်ငံအား အသိအမှတ်ပြုခြင်းသည် “အကြမ်းဖက်ဝါဒ”အတွက် အားပေးအားမြှောက် လုပ်ဆောင်နေကြောင်း ပြစ်တင်ပြောကြားခဲ့သည်။ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းနိုင်ငံ ရှိလာမည်မဟုတ်ကြောင်း ၎င်းကဆိုခဲ့သည်။ နေတန်ယာဟု က နှစ်ပေါင်းများစွာအတွင်း ၎င်းသည် ပါလက်စတိုင်းနိုင်ငံထူထောင်မှုအား တားဆီးရန် ကြီးမားသောဖိအားနှင့် ရင်ဆိုင်နေရကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် အစ္စရေး၏ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်း၌ အခြေချနေထိုင်ရန် နေရာပမာဏသည် ဆတိုး၍တိုးပွားလာပြီဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် “အဆိုပါ လမ်းတစ်လျှောက်အတိုင်း ဆက်လက်လျှောက်လှမ်း” သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နေတန်ယာဟု က ၎င်းအနေဖြင့် အမေရိကန်သို့ ခရီးစဉ်သွားရောက်၍ ပြန်လည်ရောက်ရှိပြီးနောက် တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ နေတန်ယာဟု သည် စက်တင်ဘာလ ၂၅ ရက်တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်သို့ ရောက်ရှိပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ သာမန်အချေအတင်ဆွေးနွေးပွဲ၌ ပါဝင်သွားမည်ဖြစ်ကာ စက်တင်ဘာလ ၂၉ ရက် တွင် အမေရိကန်သမ္မတ ထရမ့်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ ထို့ပြင် အစ္စရေးမီဒီယာ၏ စက်တင်ဘာလ ၂၁ ရက်တွင် သတင်းဖော်ပြချက်အရ အထက်ပါ “အသိအမှတ် ပြုမှု ရေစီးကြောင်း”နှင့် စပ်လျဉ်း၍ အစ္စရေး၏ လက်ယာစွန်းအစိုးရအဖွဲ့ဝင်များက အစ္စရေးကို ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း၌ အချုပ်အခြာအာဏာကျင့်သုံးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ ထိုနေ့တွင် လက်ယာစွန်း နိုင်ငံရေးပါတီအဖွဲ့ဝင်၊ အစ္စရေး အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir က လူမှုမီဒီယာ၌ ၎င်းအနေဖြင့် အစိုးရအဖွဲ့အစည်းအဝေးတွင် အဆိုပြုချက်တင်ပြ၍ ဂျော်ဒန်မြစ် အနောက်ဘက် ကမ်း၌ အစ္စရေး၏ အချုပ်အခြာအာဏာအား ချက်ချင်းကျင့်သုံးရန် တောင်းဆိုခဲ့သည်။ လက်ယာစွန်းနိုင်ငံရေးပါတီ အဖွဲ့ဝင်၊ အစ္စရေး ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich ကမူ ယခုအကြိမ် “အစ္စရေးဆန့်ကျင်ရေး လှုပ်ရှားမှု” အပေါ် တစ်ခုတည်းသောတုံ့ပြန်မှုမှာ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း၌ အချုပ်အခြာအာဏာ ကျင့်သုံးခြင်းပင် ဖြစ်သည်ဟု ဆိုခဲ့သည်။

22 Sep

ADVERTISE HERE .