၂၀၂၅ ခုနှစ်အတွက် တရုတ်ထိပ်တန်း ကုန်ထုတ်လုပ်မှုလုပ်ငန်း ၅၀၀ စာရင်းကို ထုတ်ပြန်ကြေညာ
22 Sep
တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော်ဟဲဖေး၌ ကျင်းပခဲ့သော ကမ္ဘာ့ကုန်ထုတ်လုပ်မှုဆိုင်ရာ ညီလာခံတွင် ၂၀၂၅ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ ထိပ်တန်းကုန်ထုတ်လုပ်မှုလုပ်ငန်း ၅၀၀ စာရင်းကို စက်တင် ဘာလ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်စီးပွားရေးလုပ်ငန်းအဖွဲ့ချုပ်(CEC)နှင့် တရုတ်စီးပွားရေးလုပ်ငန်း ဒါရိုက်တာများအဖွဲ့ချုပ်(CEDA) တို့မှ ပူးတွဲထုတ်ပြန်ခဲ့သော အဆိုပါစာရင်းကို ၂၁ နှစ်ဆက်တိုက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံ၏ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စဉ်ဆက်မပြတ်တိုးတက်နေမှုကို မီးမောင်းထိုးဖော်ပြနိုင်ခဲ့သည်။ ကုမ္ပဏီများ၏ လုပ်ငန်းလည်ပတ်မှုဝင်ငွေအပေါ် အခြေခံထားသောစာရင်းတွင် ပါဝင်ခွင့်ရရန်အတွက် အနိမ့်ဆုံးသတ်မှတ်ပမာဏမှာ (၁၃)ကြိမ်မြောက် ၅ နှစ်စီမံကိန်းကာလ ၂၀၁၆-၂၀၂၀ အကုန်တွင် တရုတ်ယွမ်ငွေ ၁၁ ဒသမ ၀၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံခန့်) ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ယွမ်ငွေ ၁၇ ဒသမ ၃၇ ဘီလီယံသို့ မြင့်တက်လာခဲ့သည်။ ထိပ်တန်းကုမ္ပဏီ ၅၀၀ ၏ လုပ်ငန်းလည်ပတ်မှုဝင်ငွေ စုစုပေါင်းမှာလည်း ယွမ်ငွေ ၄၀ ဒသမ ၂၄ ထရီလီယံမှ ၅၁ ဒသမ ၆၈ ထရီလီယံယွမ်အထိ တိုးမြင့်လာခဲ့သည်။ CEC နှင့် CEDA ၏အမှုဆောင် ဒုတိယဥက္ကဋ္ဌဖြစ်သူ Li Bing ၏ ပြောကြားမှုအရ ထိပ်တန်းကုမ္ပဏီ ၅၀၀ ကို ကိုယ်စားပြုသော တရုတ်ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှာ မြောက်မြားစွာသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရသော်လည်း ဆန်းသစ်တီထွင်ခြင်း၊ ဖွဲ့စည်းတည်ဆောက်ပုံများကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်းမှတစ်ဆင့် ယင်းတို့၏အခြေခံအုတ်မြစ်ကို တောင့်တင်းခိုင်မာအောင်လုပ်ခြင်းဖြင့် တုံ့ပြန်နိုင်ခဲ့ကြ ကြောင်း သိရသည်။