စူးအက်တူးမြောင်း စီးပွားရေးဇုန်အတွင်းရှိ တရုတ်နှင့် တူကီယဲ စက်ရုံများအား အီဂျစ်ဖွင့်လှစ်ပေး

22 Sep

အီဂျစ်နိုင်ငံဝန်ကြီးချုပ် မိုစတာဖာ မက်ဘူလီ သည် တရုတ်နှင့် တူကီယဲ ရင်းနှီးမြှပ်နှံသူများက တည်ဆောက် ခဲ့သော စက်ရုံများအပါအဝင် စူးအက်တူးမြောင်းစီးပွားရေးဇုန်(SCZone)အတွင်းရှိ ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှု လုပ်ငန်းစီမံကိန်းသစ်များကို စက်တင်ဘာလ ၂၀ ရက်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း အီဂျစ်အစိုးရ၏ ထုတ်ပြန်ကြေညာချက်တစ်ခုအရ သိရသည်။ ဖွင့်လှစ်ပေးခဲ့သည့် စီမံကိန်းများထဲတွင် စုစုပေါင်းရင်းနှီးမြှပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇၀ ရှိ သည့် တရုတ်အထည်အလိပ်နှင့် အဝတ်အထည်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုဖြစ်သော Hengsheng(အီဂျစ်) အထည်အလိပ်နည်းပညာကုမ္ပဏီလီမိတက်ပိုင်စက်ရုံလည်း ပါဝင်ခဲ့သည်။ ကိုင်ရိုမြို့၏ အရှေ့မြောက်ပိုင်းရှိ အစ္စမေလီယာမြို့၏ အနောက်ကန်တာရာ စက်မှုလုပ်ငန်းဧရိယာတွင် တည်ရှိသော အဆိုပါစက်ရုံစီမံကိန်းမှာ စတုရန်းမီတာ ၂၀၀,၀၀၀ ကျယ်ဝန်းပြီး အဆင့်နှစ်ဆင့်ဖြင့် ပြီးစီးအောင် တည်ဆောက်ရန် စီစဉ်ထားကြောင်းသိရသည်။ စက်ရုံစီမံကိန်းမှ တိုက်ရိုက်အလုပ်အကိုင်နေရာ ၁,၃၀၀ ခန့် ခန့်အပ် နိုင်မည်ဟု မျှော်လင့်ထားကြောင်း Hengsheng (အီဂျစ်) ၏ ဥက္ကဋ္ဌဖြစ်သူ Chen Songfu က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ် မက်ဘူလီ ကလည်း စက်ရုံစီမံကိန်းကြောင့် အနောက်ကန်တာရာ စက်မှုလုပ်ငန်းဧရိယာကို ဒေသတွင်း၌ အကြီးဆုံးထွန်းသစ်စ အထည်အလိပ်အချက်အချာနေရာအဖြစ် အဆင့်မြှင့်တင်ပေးနိုင်မည်ဖြစ် ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြှင့်တင်ရေး၊ ထုတ်လုပ်မှုတိုးချဲ့ရေး၊ ပြည်ပပို့ကုန်ပမာဏ တိုးမြှင့်ရေးအတွက် ရည်မှန်းထားသည့် အီဂျစ်၏မဟာဗျူဟာတွင်လည်း ရှေ့သို့လှမ်းချီနိုင်မည့် အဓိကကျသော ခြေလှမ်းတစ်ရပ်အဖြစ် သတ်မှတ်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တူကီယဲပိုင် Eroglu Global Holding Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော Eroglu အထည်ချုပ်စက်ရုံ ကိုလည်း ဝန်ကြီးချုပ် မက်ဘူလီ က ဖွင့်လှစ်ပေးခဲ့သည်။ မြေဧရိယာ စတုရန်းမီတာ ၆၄,၀၀၀ ပေါ်တွင် တည်ဆောက်ထားသော အဆိုပါစက်ရုံစီမံကိန်း၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၄၀ ရှိပြီး တိုက်ရိုက်အလုပ်အကိုင်နေရာပေါင်း ၂,၇၅၀ ခန့်ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစက်ရုံစီမံကိန်းများမှာ လုပ်သားအင်အား အမြောက်အမြားလိုအပ်သော စက်မှုလုပ်ငန်းများကို ဆွဲဆောင်ရန်၊ တိုက်ရိုက်နှင့်သွယ်ဝိုက် အလုပ်အကိုင်နေရာပေါင်း ထောင်နှင့်ချီ၍ဖန်တီးပေးရန်၊ အီဂျစ်ပြည်ပပို့ကုန် များ၏ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်စသည့် အီဂျစ်နိုင်ငံ၏ အားထုတ်မှုများအနက် အစိတ်အပိုင်း ဖြစ်ကြောင်း ဝန်ကြီးချုပ် မက်ဘူလီ က အလေးအနက်ထားပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ် ဩဂုတ်လအတွင်းက စတင်တည်ထောင်ခဲ့သော SCZone စီးပွားရေးဇုန်မှာ စူးအက်တူးမြောင်း တစ်လျှောက် ဧရိယာ ၄၆၁ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ဆိပ်ကမ်းခြောက်ခုနှင့် ဖွံ့ဖြိုးတိုးတက်မှုဧရိယာ လေးခုပါဝင်ပြီး အနောက်ကန်တာရာ စက်မှုလုပ်ငန်းဧရိယာကလည်း SCZone ၏ စီမံခန့်ခွဲမှုအောက်ရှိ အဓိက ကျသော စက်မှုဇုန်တစ်ခုဖြစ်ကြောင်း သိရသည်။

22 Sep

ADVERTISE HERE .