“မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်နည်းပညာနှင့် သမိုင်းမှတ်တမ်းမော်ကွန်းတိုက် Library ဖွင့်လှစ်မည်”
22 Sep
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် ပြည်သူ့ရေးရာနှင့်လူမှုရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သမိုင်းမှတ်တမ်းမော်ကွန်းတိုက် Library ကို အမှတ် (၃) သံသုမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်၊ သုဝဏ္ဏလမ်းစုံ၊ သင်္ကန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့၌ မကြာမီဖွင့်လှစ်ရန် စီစဉ်လျက်ရှိနေကြောင်း သိရပါတယ်။ အဆိုပါဖွင့်လှစ်မည့် Library တွင် ဆောက်လုပ်ရေး၊ အင်ဂျင်နီယာနည်းပညာ၊ ဘူမိသိပ္ပံ၊ ဗိသုကာပညာနှင့် အိုင်တီနည်းပညာဆိုင်ရာစာအုပ်၊ စာတမ်းများသာမက အသင်းဝင်များနှင့် ပြင်ပလေ့လာသူများအတွက် လေ့လာ ဖတ်ရှုနိုင်မည့် နည်းပညာဆိုင်ရာအချက်အလက်များကို ထည့်သွင်းထားရှိမည်ဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၉၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်၏ နှစ် (၃၀) ပြည့် ပုလဲရတုအမှတ်တရဓာတ်ပုံများ၊ Video များ၊ စာအုပ်စာစောင်များ၊ သမိုင်းမှတ်တမ်း များနှင့် အသုံးအဆောင်ပစ္စည်းများကို မော်ကွန်းတိုက်အဖြစ် စုဆောင်းပြသသွားမှာဖြစ်ပါတယ်။ အသင်းချုပ်၏သမိုင်းကို ထိန်းသိမ်းနိုင်ရန်အတွက် အသင်းတည်ထောင်သူ အသင်းသားဟောင်းကြီးများနှင့် လက်ရှိ အသင်းဝင်များထံမှ သက်ဆိုင်သည့် စာအုပ်စာတမ်း၊ ဓာတ်ပုံ၊ အမှတ်တရပစ္စည်းများကို ဆက်သွယ်လှူဒါန်း ခြင်းအားဖြင့် Library သည် အသင်းဝင်များအတွက်သာမက နည်းပညာလေ့လာလိုသူများအားလုံးအတွက် အသုံးချ နိုင်မည့် သုတပညာရပ် Library အဖြစ် ဖြစ်ပေါ်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)