“ပြည်တွင်းဈေးကွက်၌ ကလေးနို့မှုန့်အတုများရောင်းချလျက်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေး”
22 Sep
ပြည်တွင်းစျေးကွက်အတွင်း ကလေးနို့မှုန့်အတုများ ရောင်းချမှုများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက စက်တင်ဘာလ ၂၀ ရက်က ထုတ်ပြန်ထားကြောင်း သိရပါတယ်။ နို့စို့ကလေးနှင့်ကလေးငယ်များအတွက် ဖော်စပ်စာ Dumex Dupro အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းအတုများ သည် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပြီး အဆိုပါပစ္စည်းများသည် ကျန်းမာရေး ကို ထိခိုက်စေနိုင်တာကြောင့် အရည်အသွေးအာမခံချက်နှင့် တာဝန်ယူမှုတာဝန်ခံမှုမရှိသည့် နို့မှုန့်အတု အား ဝယ်ယူခြင်းမပြုရန် ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထားပါတယ်။ Dumex Dupro နို့မှုန့်အတုသည် ဒူးမတ်ဟ်မြန်မာစာသားသည် (တ်)ဖြင့် စာလုံးပေါင်းထားပြီး ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူ၏ အမည်၊ လိပ်စာ၊ မူရင်းထုတ်လုပ်သည့် Danone ကုမ္ပဏီ Logo နှင့် Call Certer ဖုန်းနံပါတ် မပါကြောင်း ဖော်ပြထားပါတယ်။ အဆိုပါပစ္စည်းများကို ဖြန့်ဖြူးရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်းမရောင်းချရန် အသိပေးထားပြီး လိုက်နာမှုမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၃၁ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း FDA က ကြေညာထားပါတယ်။ (NVS-004)