“နိုင်ငံတကာ နည်းပညာကွန်ဂရက်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့”
22 Sep
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ၊ မော်စကိုမြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက် (The Second International Technology Congress-ITC) သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတကာနည်းပညာကွန်ဂရက်ကို ရုရှားနိုင်ငံ မော်စကိုမြို့ရှိ Patriot Expo ကို ၃ ရက်ကြာ ကျင်းပခဲ့တာ ဖြစ်ပြီး ကွန်ဂရက်မှာ မျက်နှာစုံညီအစည်းအဝေး(Plenary Session)များ၊ ခေါင်းစဉ်အလိုက် ပြုလုပ်တဲ့ နည်းပညာ ဖိုရမ်များ၊ နည်းပညာသစ်များကို သရုပ်ဖော်ပြသတဲ့ Demonstration Session များကို သီးခြားစီပြုလုပ်ခဲ့ပါတယ်။ ကွန်ဂရက်ကာလအတွင်း ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီကြီးများကလည်း ပြခန်းများဖွင့်လှစ်ပြသခဲ့ကြောင်း သိရပါတယ်။ ဒုတိယအကြိမ် နိုင်ငံတကာနည်းပညာကွန်ဂရက်၏ International Plenary Session ကို ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) ၏ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် စိတ်ချယုံကြည်ရတဲ့နည်းပညာများ ( Partner Dialogue: Course towards trusted technologies) ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၁၆ ရက်မှာ ဒုတိယဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှား-အာဆီယံ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့ပြီး ဒစ်ဂျစ်တယ် စီးပွားရေး၊ ဆိုက်ဘာလုံခြုံရေး၊ ဂြိုဟ်တုဆက်သွယ်ရေး၊ အီးကောမာ့စ်၊ အိုင်တီပစ္စည်းများနှင့် Software ထုတ်လုပ်တဲ့ ကဏ္ဍများမှာ အာဆီယံနှင့် ရုရှားနိုင်ငံတို့အကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို အာဆီယံနိုင်ငံများကိုယ်စား ပါဝင်ဆွေးနွေးခဲ့ပါတယ်။ အဆိုပါနိုင်ငံတကာနည်းပညာကွန်ဂရက်သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ကိုယ်စားလှယ်စုစုပေါင်း ၄၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)