နည်းပြ မော်ရင်ဟို ကို ဘင်ဖီကာအသင်း ၂ နှစ်စာချုပ်ချုပ်ဆို
20 Sep
ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟို ကို ၂ နှစ်စာချုပ်နဲ့ နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ ဘင်ဖီကာအသင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ အသက် ၆၂ နှစ်အရွယ် မော်ရင်ဟို ဟာ တူကီယဲကလပ် ဖီနာဘာချီအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် ၃ ပတ်အကြာမှာပဲ ဘင်ဖီကာနည်းပြရာထူးကို လက်ခံ လိုက်တာဖြစ်ပါတယ်။ နည်းပြ မော်ရင်ဟို ရဲ့ စာချုပ်ထဲမှာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအပြီး ၁၀ ရက်အကြာမှာ အသင်း အခြေအနေကိုသုံးသပ်ပြီး ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် သက်တမ်းတိုး၊ မတိုးဆိုတာကို ၂ ဖက်စလုံး ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ဘင်ဖီကာအသင်းက ကြေညာချက်မှာ ရေးထားဖော်ပြထားပါတယ်။ ဘင်ဖီကာ အသင်းက ချန်ပီယံလိဂ်ခြေစစ်ပွဲ ပလေးအော့ဖ်အဆင့်မှာ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဘရူနိုလေ့ချ် ကို ထုတ်ပယ်လိုက်ပြီး ၃ ရက်အကြာမှာပဲ မော်ရင်ဟို ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ မော်ရင်ဟိုကလည်း နည်းပြဘဝစတင်ခဲ့ရာ ဘင်ဖီကာအသင်းဆီကို ပြန်သွားဖို့ ဆန္ဒရှိနေတယ်လို့ ပြောထားခဲ့ဖူးပြီး အခုချိန်မှာ သူ့ရဲ့ဆန္ဒတွေ အကောင်အထည်ပေါ်လာတာလည်း ဖြစ်ပါတယ်။(NVS 008)