ချန်ပီယံလိဂ်သွင်းဂိုး ၅၀ ပြည့်ခဲ့တဲ့ ဟာလန်း
20 Sep
မန်စီးတီးတိုက်စစ်မှူး ဟာလန်း အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ သွင်းဂိုး ၅၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ နာပိုလီအသင်းကို အနိုင်ရတဲ့ပွဲမှာ မန်စီးတီးအတွက် သွင်ဂိုးတစ်ဂိုး သွင်းယူ နိုင်ခဲ့ပြီးနောက် ဟာလန်း က ချန်ပီယံလိဂ်ပွဲစဉ် ၄၉ ပွဲမှာ သွင်းဂိုး ၅၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ မန်ယူနဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း ရဲ့ ၆၂ ပွဲမှာ ချန်ပီယံလိဂ်သွင်းဂိုး ၅၀ ပြည့်တဲ့ စံချိန်ကို ဟာလန်း က ချိုးဖျက်ပြီး စံချိန်သစ်ကို တင်လိုက်နိုင်တာဖြစ်ပါတယ်။ ဟာလန်း ရဲ့ သွင်းဂိုး မှတ်တမ်းတွေက သူ့ရဲ့စွမ်းဆောင်ရည် ဘယ်လောက်ကောင်းတယ်ဆိုတာပြသနေသလို မန်စီးတီးအသင်းက ဟာလန်း ကို ပိုင်ဆိုင်ခွင့်ရထားတာ ကံကောင်းပါတယ်လို့ နည်းပြ ဂွါဒီယိုလာ က ပြောခဲ့ပါတယ်။ လက်ရှိမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးအဖြစ် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို က ၁၄၁ ဂိုးနဲ့ ရပ်တည်နေပြီး မက်ဆီ က ၁၂၉ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ဟာလန်း က ချန်ပီယံလိဂ်သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာ အဆင့် ၁၁ နေရာမှာ ရှိနေတာ ဖြစ်ပြီး ဟာလန်း အနေနဲ့ အခုလို သွင်းဂိုးစွမ်းဆောင်ရည်တွေကို ဆက်ထိန်းထားနိုင်မယ်ဆိုရင် တစ်ချိန်ချိန်မှာ ရော်နယ်ဒို ရဲ့ သွင်းဂိုးမှတ်တမ်းကို လိုက်မီနိုင်ပါလိမ့်မယ်လို့ နည်းပြဂွါဒီယိုလာက သုံးသပ်သွားပါတယ်။ ဒါပေမဲ့ ရော်နယ်ဒို ရဲ့သွင်ဂိုးစံချိန်ကို လိုက်မီဖို့ကမလွယ်ကူဘဲ ဟာလန်း အနေနဲ့ ၁၀ နှစ်ကျော်လောက် ပုံစံကောင်းကို ဆက်ထိန်းထားနိုင်မှ ဖြစ်နိုင်ပါလိမ့်မယ်လို့ နည်းပြ ဂွါဒီယိုလာ က ပြောခဲ့ပါတယ်။(NVS 008)