တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကို ချီးကျူးခဲ့တဲ့ နည်းပြဖလစ်ခ်

20 Sep

နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူ ပေးခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကို ဘာစီလိုနာနည်းပြ ဖလစ်ခ်က ချီးကျူးသွားခဲ့ပါတယ်။ တောင်ပံ တိုက်စစ်မှူး ယာမယ် ဒဏ်ရာကြောင့် မပါနိုင်ချိန်မှာ ရက်ရှ်ဖို့ဒ် က အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် အနေနဲ့ ပထမခြေလှမ်းကို အကောင်းဆုံးလှမ်းနိုင်ခဲ့တာဖြစ်ပြီး အသင်းမှာ ပုံမှန်နေရာရဖို့ အတွက် နောက်ထပ်ခြေလှမ်းတွေအများကြီး လှမ်းရဦးမှာဖြစ်တယ်လို့ နည်းပြ ဖလစ်ခ် က ပြောသွားခဲ့ ပါတယ်။ ချန်ပီယံလိဂ်ပထမဆုံးပွဲအဖြစ် အင်္ဂလန်မှာ နယူးကာဆယ်ဘက်ကို သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ သိပ်ကောင်းတဲ့ခံစားချက်တစ်ခုဖြစ်ကြောင်း ရက်ရှ်ဖို့ဒ် က ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။ အခုပွဲမှာ ဘာစီလိုနာ အသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ် ဟာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ယူအသင်းကနေ ဘာစီလိုနာအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ခဲ့တဲ့ ရက်ရှ်ဖို့ဒ် ဟာ ဘာစီလိုနာအသင်းနဲ့အတူ ပြိုင်ပွဲ ၄ ပွဲကစားပြီးချိန်အထိ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မရှိခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ် ဆီကနေ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ မြင်ရမယ်ဆိုတာကို ယုံကြည်ထားခဲ့သလို အခုပွဲမှာ သူ့ရဲ့ယုံကြည်မှု မှန်ကန်တယ်ဆိုတာကို ရက်ရှ်ဖို့ဒ် က သက်သေပြသွားခဲ့တာဖြစ်ကြောင်း နည်းပြ ဖလစ်ခ် က ပြောခဲ့ပါတယ်။(NVS 008)

20 Sep

ADVERTISE HERE .