မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာဘုရား၏ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃဒါန ဆွမ်းလောင်းလှူပွဲတွင် ပင့်သံဃာတော် ၂,၅၆၉ ပါးကို ဆွမ်းသပိတ်များလောင်းလှူမည်

20 Sep

မန္တလေး၊ မဟာသကျမာရဇိန်ကျောက်တော်ကြီးမြတ်စွာဘုရား၏ (၁၃၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃဒါနဆွမ်းလောင်းလှူပွဲတော်ကို အောက်တိုဘာလ ၉ ရက် (သီတင်းကျွတ်လပြည့်ကျော် ၃ ရက်) နံနက်ပိုင်း တွင် ကျင်းပသွားမှာဖြစ်ပြီး သာသနာတော်နှစ် ၂၅၆၉ နှစ် အထိမ်းအမှတ်အဖြစ် မန္တလေးလေးပြင်လေးရပ်မှ ပင့်သံဃာတော် ၂,၅၆၉ ပါးအား ဆွမ်းသပိတ်များ လောင်းလှူသွားမည်ဖြစ်ကြောင်း မဟာသကျမာရဇိန် ကျောက်တော်ကြီးမြတ်စွာ ဘုရားဂေါပကအဖွဲ့ထံမှ သိရပါတယ်။ လက်ရှိတွင် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လဆန်း ၈ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်အထိ သတ်မှတ်ထားသည့်အပြင် ပွဲတော်မတိုင်မီ ခုနစ်ရက်နှင့် ပွဲတော်အပြီး ခုနစ်ရက်အထိကို ပွဲတော်ကာလအဖြစ် ကျင်းပပေးလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများ၊ ပွဲတော်လာသူများဖြင့် နေ့စဉ်စည်ကားလျက် ရှိနေပါ တယ်။ အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်သည် သီတင်းကျွတ်ကာလအတွင်း ရက်အရှည်ဆုံးကျင်းပသည့် မဟာသကျ မာရဇိန်ကျောက်တော်ကြီးမြတ်စွာ ဘုရားပွဲတော်တစ်ခုဖြစ်ပြီး ဒေသခံများသာမက ပြည်တွင်းပြည်ပ ဘုရားဖူးလာ ပြည်သူများနှင့် လည်ပတ်ကြသူများ၊ ရိုးရာဓလေ့ကို မပျောက်စေမည့် မုန့်မျိုးစုံများ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ အမှတ်တရပစ္စည်းများ ရောင်းချသည့် ဈေးဆိုင်ခန်းများဖြင့် နှစ်စဉ်စည်ကားလျက်ရှိကြောင်း သိရပါတယ်။(NVS 004)

20 Sep

ADVERTISE HERE .