နိုင်ငံတော်ယာယီသမ္မတ မြိတ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

20 Sep

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာလ ၁၉ ရက် မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် မြိတ်မြို့ရှိ ပုလဲရတနာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးပြောကြားခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြို့မိမြို့ဖများနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများက မြိတ်မြို့၊ ငါးလေလံဈေးတည်ဆောက်ရေးစီမံကိန်းနှင့် စက်မှုဇုန်စီမံကိန်းအား BOO စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေး စေလိုမှု၊ မြိတ်လေယာဉ်ကွင်းအား ပြည်ပကုန်တင်လေယာဉ်များ ဆင်းသက်နိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက် ပေးစေလိုမှု၊ တနင်္သာရီတိုင်းဒေသကြီးမှ ရေထွက်ကုန်များအား ကုန်ချောထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရေး အတွက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် မြိတ်မြို့မှ ရေငန်ငါးများတင်ပို့ရာတွင် ပိုမိုမြန်ဆန်မှုရှိစေရေး ဆောင်ရွက်ပေးစေလိုမှု၊ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက် မွေးမြူထုတ်လုပ်နိုင်ရေး အတွက် ပုစွန်သားပေါက်များရရှိရေး၊ ပုစွန်အစာရရှိရေးတို့အား လွယ်ကူလျင်မြန်စွာ တင်သွင်းခွင့်ရရှိနိုင်ရေး နိုင်ငံတော်မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးစေလိုမှု၊ တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသည့် ရော်ဘာ ကုန်ကြမ်းများအား ပြည်ပသွင်းကုန်အစားထိုး တန်ဖိုးမြင့်ကုန်ချော Tubeless တာယာစက်ရုံအတွက် လိုအပ်သည့် စက်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့်ရရှိရေးလိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါတယ်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများက ပြန်လည်၍ရှင်းလင်းဆွေးနွေးကာ ဖြည့်စွက်တင်ပြခဲ့ကြပါတယ်။ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး ပြောကြားရာ မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်၍ အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြေနေရာနှင့်ပတ်သက်၍လည်း မူဝါဒချမှတ်ပေးထားပြီးဖြစ်ကြောင်း၊ မြိတ် ခရိုင်အတွင်း ဆန်ဖူလုံမှုနှင့်ပတ်သက်၍ တိုးတက်မှုရှိလာသည်ကို တွေ့ရှိရသော်လည်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆက်လက်ကြိုးပမ်း‌ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးအတွက် ခွင့်ပြုပေးထားသည့် မြေနေရာများ၌ အခြားနည်းလမ်းများဖြင့် သုံးစွဲမှုမရှိစေရေး၊ သတ်မှတ်စည်းမျဉ်းများနှင့်အညီ ဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ မြိတ်ဒေသတွင် အထပ်မြင့်အဆောက်အဦများ ‌ဆောက်လုပ်နေထိုင်ကြမည် ဆိုပါက လူနေထိုင်မှုအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး စိုက်ပျိုးမြေများ၌ အခြားနည်းများဖြင့် အသုံးပြုမှုများ သည်လည်း လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် မှန်မှန်ကန်ကန်ဖြင့် ‌ဆောင်ရွက်သွားရန်လိုပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ဖြစ်ရန်လိုကြောင်း၊ ပြည်ပသို့တင်ပို့ ရာတွင် အအေးခန်းကွန်တိန်နာများဖြင့် သယ်ယူဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းပိုမိုအဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ပုစွန်သားပေါက် တင်သွင်းခွင့်ရရှိရေး၊ ပုစွန်အစာ တင်သွင်းခွင့်ရရှိရေးတို့နှင့်ပတ်သက်၍ အဆင်ပြေ အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့်‌ ရေထွက်ကုန်ပစ္စည်းများသည် အိမ်နီးချင်းနိုင်ငံ များ၌ ဈေးကွက်လိုအပ်ချက်ပမာဏ ကြီးမားစွာရှိသည့်အတွက် လေကြောင်းလိုင်းများမှတစ်ဆင့် တင်ပို့နိုင်ရေး မြိတ်လေယာဉ်ကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပုစွန်မွေးမြူရေး အတွက် လိုအပ်သည့် ပုစွန်အစာနှင့်ပတ်သက်၍ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိ ကြောင်း၊ ပုစွန်မွေးမြူရေးတွင် ပုစွန်ကန်များပြုလုပ်၍ မွေးမြူသကဲ့သို့ သဘာဝဘေးအန္တရာယ်ကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန်အတွက် လေကာပင်များ စိုက်ပျိုးရန်လိုကြောင်း၊ ပုစွန်ကန်များ ဖော်ထုတ်ရာတွင်လည်း စနစ်တကျ သုတေသနပြု ‌ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။(NVS 004)

20 Sep

ADVERTISE HERE .