ဘင်ဖီကာအသင်းနဲ့ ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ပြောခဲ့တဲ့ မော်ရင်ဟို
19 Sep
ဘင်ဖီကာအသင်းကို နည်းပြအဖြစ်တာဝန်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နည်းပြ မော်ရင်ဟို က စက်တင်ဘာလ ၁၇ ရက်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းက ကွာရာဘတ် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ နည်းပြ ဘရူနိုလေ့ချ် ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နည်းပြသစ်ခန့်အပ်နိုင်ရန် မော်ရင်ဟို နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ အသက် ၆၂ နှစ်အရွယ် နည်းပြ မော်ရင်ဟို ဟာ ပြီးခဲ့တဲ့ ဩဂုတ်လက တူကီယဲကလပ် ဖီနာဘာချီ အသင်းကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အသင်းနည်းပြ ရာထူးကို စိတ်ဝင်စားမှု ရှိ/မရှိနဲ့ပတ်သက်ပြီး ဘင်ဖီကာအသင်းဘက်က ဆက်သွယ်မေးမြန်းလာခဲ့သလို ဘင်ဖီကာ အသင်း နည်းပြရာထူးအတွက် အခွင့်အရေးရလာပါက နှစ်ကြိမ်စဉ်းစားမိမှာ မဟုတ်ကြောင်း မော်ရင်ဟို က ပြောကြားခဲ့ ပါတယ်။ မော်ရင်ဟို အနေနဲ့ ကလပ်အသင်းနည်းပြဘဝကို ၂၀၀၀ ပြည့်နှစ်မှာ ဘင်ဖီကာအသင်းနဲ့ စတင်ခဲ့တာ ဖြစ်ပြီး နှစ်ပေါင်း ၂၀ အကြာမှာ နည်းပြဘဝစတင်ခဲ့ရာအသင်းကို ပထမဆုံးအကြိမ် ပြန်လည် တာဝန်ယူခြင်း ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။(NVS 008)