နိုင်ငံ့စီးပွား‌မြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၅၀ ဘီလီယံအသုံးပြု၍ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် မတည်ပေးထား

19 Sep

နိုင်ငံ့စီးပွား‌မြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၅၀ ဘီလီယံမတည်ကာ ဆီစက်များ တပ်ဆင်ထုတ်လုပ် နိုင်ရေးနှင့် လက်ရှိဆီစက်များ တိုးချဲ့အဆင့်မြှင့်တင်ရေးအတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်မှာပြုလုပ်ခဲ့တဲ့ MSME ရန်ပုံငွေထူထောင်ထားရှိမှု ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက် ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲမှာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် ပါတယ်။ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှမတည်ထောက်ပံ့ငွေကျပ် ၁၇၀ ဘီလီယံ ထူထောင်ထားရှိပြီး အဆိုပါမတည်ထောက်ပံ့ငွေအနက် ငွေကျပ် ၂၀ ဘီလီယံကို MSME ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ အထောက်အပံ့အဖြစ်လည်းကောင်း၊ ငွေကျပ် ၁၅၀ ဘီလီယံကို ချေးငွေထုတ်ချေးနိုင်ရေးအတွက် လည်းကောင်း သုံးစွဲရန်လျာထားကြောင်း၊ MSME လုပ်ငန်းရှင်များသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းကို ထုတ်ပြန်ခဲ့ပြီး MSME လုပ်ငန်းရှင်များက ချေးငွေကို နိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေး ဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များအပြင် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်တွင် ချေးငွေများလျှောက်ထားနိုင်ပြီး လက်ရှိအချိန်ထိ ချေးငွေစံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် ဆီစက်လုပ်ငန်းရှင်များကို ထုတ်ချေးပေးလျက် ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က MSME လုပ်ငန်းရှင်များအနေဖြင့် MSME ချေးငွေနှင့် ဆီစက် ချေးငွေထုတ်ချေးသည့် လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး မိမိတို့လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေလျှောက်ထားမှု၊ အစစ်ဆေးခံမှုများကို ဘဏ်၏လုပ်ထုံးလုပ်နည်းများ၊ ချေးငွေညွှန်ကြားချက်များနှင့်အညီ အဆိုပြုချေးငွေလျှောက်ထားရန် ကိစ္စရပ်များ၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးက MSME ရန်ပုံငွေ ထူထောင်ထားရှိမှု၊ ချေးငွေလျှောက်ထားရမည့် လုပ်ငန်းစဉ်နှင့် ချေးငွေထုတ်ချေးမှု လုပ်ငန်းစဉ်များ၊ MSME ချေးငွေ ဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက MSME ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုနှင့် ဆီစက်ချေးငွေ ထုတ်ချေးမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများ သိရှိလိုသည်များကို မေးမြန်းခဲ့ ကြောင်း သိရပါတယ်။(NVS 008)

19 Sep

ADVERTISE HERE .