အမေရိကန်သမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့က နှစ်နိုင်ငံကြား နည်းပညာပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူစာချုပ်ချုပ်ဆို
19 Sep
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ တို့က နှစ်နိုင်ငံကြား နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူစာချုပ်ကို ချုပ်ဆိုလိုက်ကြောင်းနှင့် ယင်းစာချုပ်သည် နှစ်နိုင်ငံကြား မချိုးဖျက်နိုင်သော အနှောင်အဖွဲ့ဖြစ်သည်ဟု အမေရိကန်သမ္မတက ပြောကြောင်းသိရသည်။ ထရမ့် သည် ဗြိတိန်နိုင်ငံ သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေခြင်းဖြစ်ပြီး ဒုတိယနေ့ဖြစ်သည့် စက်တင်ဘာလ ၁၈ ရက်တွင် အဆိုပါသဘောတူ စာချုပ်ကို ချုပ်ဆိုလိုက်ခြင်း ဖြစ်သည်။ ယခုချုပ်ဆိုလိုက်သည့် စာချုပ်သည် ဉာဏ်ရည်တုနည်းပညာ၊ ကွမ်တမ်နည်း ပညာနှင့် နျူကလီးယားစွမ်းအင်တို့တွင် နှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ပေးနိုင်မည့် စာချုပ်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အမေရိကန်နိုင်ငံမှ နည်းပညာကုမ္ပဏီများဖြစ်သည့် မိုက်ခရိုဆော့၊ ဂူဂဲနှင့် ဘလက်စတုန်း တို့အပါအဝင် ကုမ္ပဏီများစွာက ဗြိတိန်နိုင်ငံ၌ စတာလင်ပေါင်ဘီလီယံ ၁၅၀ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုကို လုပ်သွားမည် ဖြစ်ကြောင်း ကတိပြုပြီးနောက် ယခုကဲ့သို့ နှစ်နိုင်ငံကြား နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို ချုပ်ဆိုခြင်းဖြစ်သည်။ ထို့ပြင် အမေရိကန်သမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည် ယူကရိန်းအရေးနှင့် ဂါဇာအရေးတို့ အပါအဝင် အခြားလုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်သည်။ ထရမ့် သည် စတာမာ နှင့်မတွေ့ဆုံခင် ဗြိတိန်ဘုရင်နှင့်တွေ့ဆုံခဲ့ပြီး ဗြိတိန်ဘုရင်က ထရမ့် ၏ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများကို ချီးကျူးစကားဆိုခဲ့ကြောင်း AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။