ဂါဇာမြို့တွင်းသို့ အစ္စရေးတင့်များဝင်ရောက်တိုက်ခိုက်မှုများ ပြင်းထန်ပြီး အဆက်အသွယ်များပြတ်တောက်
19 Sep
ဂါဇာမြို့တွင်းသို့ အစ္စရေးစစ်ဘက်မှ တင့်များဝင်ရောက်လာပြီးနောက် တိုက်ခိုက်မှုများပြင်းထန်လာကာ အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများအပါအဝင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိကြောင်း တာဝန်ရှိသူ များနှင့် ဒေသခံများက စက်တင်ဘာလ ၁၈ ရက်တွင် ပြောသည်။ အစ္စရေး၏တင့်များသည် ဂါဇာမြို့လယ်ကောင်သို့ ဝင်ပေါက်နှစ်ခုဖြစ်သော နေရာများသို့ရောက်ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် အစ္စရေးတပ်ဖွဲ့များသည် ဂါဇာမြို့၏ အရှေ့ပိုင်းရှိ ဆင်ခြေဖုံးနေရာများကို ထိန်းချုပ်ထားကြောင်း၊ ထိုနေရာများကို ခြေကုပ်ယူ၍ မြို့တွင်းသို့ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏ တိုက်ခိုက်မှုများ၊ ပစ်ခတ်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသ၌ သေဆုံးသူ ၇၉ ဦးရှိကြောင်းနှင့် သေဆုံးသူ အများစုမှာ ဂါဇာမြို့မှဖြစ်ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက်မွန်းလွဲပိုင်းတွင် ထုတ်ပြန် ထားသည်။ အစ္စရေးစစ်သည်များသည် ဂါဇာမြို့၌ စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း၊ အကြမ်းဖက် အခြေခံ အဆောက်အဦများကိုဖျက်ဆီးပြီး အကြမ်းဖက်သမားများကို အမြစ်ပြတ်ချေမှုန်းနေကြောင်းနှင့် ဟားမက်စ်အဖွဲ့အပေါ် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်ပြီး အဖမ်းခံထားရသည့် အစ္စရေးဓားစာခံများကို ကယ်တင်သွားမည် ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က အစောပိုင်းတွင် ထုတ်ပြန်ထားသည်။ အစ္စရေးအစိုးရက ဂါဇာမြို့ကို ထိန်းချုပ်နိုင်ရေး အတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုများလုပ်ဆောင်မည်ဟု ထုတ်ပြန်ကြေညာလိုက်သော ဩဂုတ်လ ၁၀ ရက်မှစ၍ သိန်းနှင့်ချီသော ပါလက်စတိုင်းပြည်သူများမှာ ဂါဇာမြို့ကိုစွန့်ခွာထွက်ပြေးနေရကြောင်း Bangkok Post သတင်းဌာန ဖော်ပြချက်အရ သိရသည်။