တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက် မိန့်ခွန်းပြောကြား
18 Sep
တရုတ်နိုင်ငံ နန်နင်းမြို့တွင် ကျင်းပသော တရုတ်-အာဆီယံစီးပွားရေးခေါင်းဆောင်များ ဖိုရမ်ဖွင့်ပွဲအခမ်းအနား ကို စက်တင်ဘာလ ၁၇ ရက် က နန်နင်းမြို့ရှိ Grand Metropart Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဆိုပါဖိုရမ်ကို “အာဆီယံကို ဉာဏ်ရည်တုနည်းပညာဖြင့် ချိတ်ဆက်၍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းမှတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်ကို မျှဝေခြင်း” ဆောင်ပုဒ်နဲ့ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော် ဝန်ကြီးချုပ် ဦးညိုစော က တရုတ်နှင့်အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးကဏ္ဍတွင် ဦးဆောင် နေကြသော ကုန်သည်လုပ်ငန်းရှင်များအကြား စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ ASEAN-China Free Trade Area-ACFTA) ကို ACFTA (အက်ဖ်တာ) ဗားရှင်း ၃.၀ သို့ အဆင့်မြှင့်တင်နိုင်တာကြောင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် စီးပွားရေး၊ ထောက်ပံ့ရေး ကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူကာကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများစသည့် နယ်ပယ်သစ်များတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများအကြား နယ်ပယ်သစ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို မျှဝေခံစားသွားနိုင်ကြမည်ဖြစ်ပြီး AI နည်းပညာကို နယ်ပယ်ကဏ္ဍအသီးသီးတွင် ကျယ်ပြန့်စွာအသုံးပြုလာသည်နှင့်အမျှ လွဲမှားစွာအသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေး ကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ပြီး မှန်ကန်သည့်နယ်ပယ်များတွင် မျှတစွာအသုံးပြုသွားရန်လိုအပ်ကြောင်း၊ ယနေ့ကျင်းပသည့် တရုတ်-အာဆီယံ စီးပွားရေးခေါင်းဆောင်များဖိုရမ်မှတစ်ဆင့် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကုန်သွယ်ရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောခဲ့ပါတယ်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးတင်မောင်ဆွေနှင့်တာဝန်ရှိသူများ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့အတိုင်ပင်ခံကွန်ဖရင့် ဥက္ကဋ္ဌ မစ္စတာ စွမ်းသဝေ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ် Mr. Kao Kim Hourn တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ(CCPIT)မှ ဒုတိယအကြီးအကဲ၊ ASEAN- China Centre မှ အထွေထွေအတွင်းရေးမှူး၊ တရုတ်အာဆီယံနိုင်ငံများမှ ကုန်သည်အသင်းဥက္ကဋ္ဌများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။(NVS 008)