ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များထုတ်ပြန်
18 Sep
ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ပြည်တွင်း/ပြည်ပမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်ထားပြီး ပြည်တွင်းမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က စက်တင်ဘာလ ၁၆ ရက်က အမိန့် ကြော်ငြာစာအမှတ်(၆၈ /၂ဝ၂၅)နဲ့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ပြည်တွင်းရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသူများအနေနဲ့ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းရမည်ဖြစ်ပြီး ဘက်လိုက်မှုမရှိစေရန် စောင့်ထိန်းရမှာဖြစ်လို့ နိုင်ငံရေးပါတီတစ်ခုခု (သို့) ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း၊ မဲဆွယ်စည်းရုံးခြင်းပြုရာရောက်သည့် အပြောအဆို၊ အပြုအမူများ ယင်းသို့အဓိပ္ပါယ်သက်ရောက်စေမည့် အဝတ်အစား၊ သင်္ကေတ၊ အမှတ်တံဆိပ်တို့ကို ဝတ်ဆင်ခြင်း၊ ကိုင်ဆောင်ခြင်း၊ ပြောဆိုခြင်းမပြုလုပ်ရန် ထုတ်ပြန်ချက်မှာပါရှိပါတယ်။ လျှို့ဝှက်ဆန္ဒမဲပေးမှုစနစ်ကို ထိန်းသိမ်း သည့်အနေဖြင့် ဆန္ဒမဲပေးပြီးသော မဲဆန္ဒရှင်တစ်ဦးအား မဲရုံပရိဝုဏ်မှ ၁၅ ကိုက်အတွင်း မည်သူ့ကိုမဲပေးခဲ့ကြောင်း မေးမြန်းခြင်းမပြုရသည့်အပြင် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလည်း လေးစား ရမည်ဖြစ်ကာ UEC နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးကထုတ်ပေးထားသည့် သက်သေခံကတ်ပြားများကို ရွေးကောက်ပွဲစောင့်ကြည့် လေ့လာနေစဉ်အတွင်း ချိတ်ဆွဲထားရမည်ဖြစ်ကြောင်း ပါရှိပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းများဆောင်ရွက်စဉ်အတွင်း လက်နက်များ၊ ပေါက်ကွဲစေသော ပစ္စည်းများ ယူဆောင်ခြင်းမပြုရန်၊ ရွေးကောက်ပွဲစီမံခန့်ခွဲသူများနှင့်မဲဆန္ဒရှင်များ၏ တာဝန်နှင့်ရပိုင်ခွင့်ကို လွှမ်းမိုး သက်ရောက်စေသော လှုံ့ဆော်မှုများမပြုလုပ်ရန်၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များထုတ်ပြန်ခြင်းတို့ကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ မိမိတို့၏တာဝန်ကို စေတနာပြည့်ဝစွာနှင့် ပွင့်လင်းမြင်သာစွာဆောင်ရွက်ရမည့်အပြင် အစီရင်ခံစာများကို မှန်ကန်ရိုးသားစွာတင်ပြရမည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အခြားရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်း တို့ကို ဆောင်ရွက်နိုင်ပြီး မဲရုံအတွင်း လျှို့ဝှက်ဆန္ဒမဲပေးမှုစနစ်ကို မထိခိုက်စေရန် မဲရုံမှူး၏တာဝန်အရ ဆောင်ရွက် ခြင်းကို လိုက်နာရမည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ထို့အတူ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သဘောထားအမြင်များထုတ်ပြန်ရာတွင် ၎င်းတို့၏ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်များကသာ လုပ်ဆောင်ရမည်ဖြစ်ပြီး မိမိတို့၏အဖွဲ့ဝင်များအား လိုက်နာရန်ကျင့်ဝတ်စည်းကမ်းများ၊ ရွေးကောက်ပွဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် မသန်စွမ်းသူများ လွယ်ကူအဆင်ပြေစွာ၊ လျှို့ဝှက်လုံခြုံစွာမဲပေးနိုင်ရေးတို့ကို သိရှိနားလည် ရေးအတွက် ပညာပေးခြင်း၊ သင်တန်းပို့ချပေးခြင်းများကို ပြုလုပ်ပေးရမည်ဖြစ်ကာ တာဝန်ခံများနှင့်ကြီးကြပ်သူများ သည် UEC နှင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က အခါအားလျော်စွာပြုလုပ်သော ညွှန်ကြားချက်များ နှင့် သတင်းအချက်အလက်များ ရှင်းလင်းတင်ပြသည့် အခမ်းအနားများကို တက်ရောက်ရမှာဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။(NVS 008)