မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာများကို တရုတ်နိုင်ငံဈေးကွက်ရောက်ရှိနိုင်စေရန် ဆောင်ရွက်မည်
18 Sep
တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ကျင်းပသည့် မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး တွေ့ဆုံ ဆွေးနွေးပွဲ(The Soul Treasure of Myanmar)တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးချစ်ဆွေ က မြန်မာ့အရည်အသွေးမြင့် ကျောက်မျက်ရတနာများဖြစ်သော ပတ္တမြားနှင့်နီလာတို့ကို တရုတ် နိုင်ငံဈေးကွက်သို့ ဝင်ရောက်နိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာ့ပတ္တမြားဟာ ကမ္ဘာမှာထင်ရှားကျော်ကြားပြီး မြန်မာနိုင်ငံ၊ မိုးကုတ်ဒေသမှ အဓိကထွက်ရှိတဲ့ မိုးကုတ် ပတ္တမြားကို ရှေးမြန်မာဘုရင်များလက်ထက်ကပင် တော်ဝင်နန်းသုံးရတနာအဖြစ် တန်ဖိုးထားအသုံးပြုခဲ့ကြကြောင်း၊ ဒါ့အပြင် မြန်မာ့နီလာက ကမ္ဘာပေါ်တွင် ဒုတိယမြောက်အရည်အသွေးအကောင်းဆုံးဖြစ်၍ တရုတ်နိုင်ငံ၊ ကွမ်ရှီး၊ ကွမ်တုံ၊ ဟူနန်၊ ယူနန်၊ ဟိုင်နန်၊ ဟောင်ကောင်၊ မကာအိုနှင့် အခြားဈေးကွက်အလားအလာရှိသော ဒေသများမှ ကုန်သည်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် မြန်မာ့ပတ္တမြား၊ နီလာကုန်သည်လုပ်ငန်းရှင်များ ဈေးကွက်ချိတ်ဆက် နိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(ရန်ကုန်)နှင့် မြန်မာကုန်သွယ်ရေးစင်တာ(ဟိုင်နန်)တို့ကြား တရုတ်နိုင်ငံတွင် မြန်မာ့ကျောက်မျက်ရတနာဈေးကွက် မြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်စာလွှာကို လဲလှယ်ခဲ့ကြပါတယ်။(NVS 008)