“အမေရိကန်နှင့်ဂျပန်တို့၏ Typhon ဒုံးကျည်စနစ်ကို ပြန်လည်ရုပ်သိမ်းရန် တရုတ်တိုက်တွန်း”

17 Sep

အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် အမေရိကန်နိုင်ငံ က ထုတ်လုပ်ထားသော Typhon ဒုံးကျည်စနစ် ဖြန့်ကြက်မှုကို ပြန်လည်ရုပ်သိမ်းရန် တရုတ်အစိုးရက စက်တင်ဘာလ ၁၆ ရက်တွင် တိုက်တွန်းလိုက်ကြောင်း သိရသည်။ အမေရိကန်နှင့်ဂျပန်တို့က ပြီးခဲ့သည့်သီတင်းပတ်မှစတင်လုပ်ဆောင်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အဆိုပါဒုံးကျည်စနစ်ကို ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ်ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ နှစ်နိုင်ငံကြား ဆောင်ရွက် လျက်ရှိသော Resolute Dragon အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် စက်တင်ဘာလ ၂၅ ရက်အထိ ကြာမြင့်မည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့နောက် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့ သည် တရုတ်နိုင်ငံ၏စိုးရိမ်ပူပန်မှုများကို လျစ်လျူရှုကာ ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်သည်ဟူသော ခေါင်းစဉ်ဖြင့် ထိုတာလတ်ပစ်ဒုံးကျည်စနစ်ကို ဂျပန်၌ဖြန့်ကြက်အသုံးပြုလာကြောင်း၊ ထိုအခြေအနေနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ဘက်က အခိုင်အမာကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း က ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောသည်။ ထို့ပြင် အမေရိကန်နိုင်ငံက Typhon ဒုံးကျည်စနစ်ကို အာရှဒေသရှိနိုင်ငံများ၌ ဖြန့်ကြက်အသုံးပြုခြင်းသည် ဒေသတွင်း လက်နက်အပြိုင်တပ်ဆင်မှုနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံနိုင်မှုအန္တရာယ်ကို မြင့်မားစေပြီး ဒေသတွင်း မဟာဗျူဟာမြောက်လုံခြုံရေးကိုလည်း ခြိမ်းခြောက်ရာရောက်နေကြောင်း လင်ကျန်း က ဆက်ပြောသည်။ အမေရိကန် နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကြား နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်နိုင်ရန်ဟုဆိုကာ အဆိုပါဒုံးကျည်စနစ် ကို ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း၌ ဖြန့်ကြက်ထားသည်။ ယင်းဒုံးကျည်စနစ်သည် အမေရိကန်တပ်မတော်၏ တာဝေးပြေး တိကျတိုက်ခိုက်မှုအစီအစဉ်ကို အကောင်အထည်ဖော်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း AGC သတင်းဌာနဖော်ပြ ချက်အရ သိရသည်။

17 Sep

ADVERTISE HERE .