“နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် တရုတ်နိုင်ငံ ဒုတိယသမ္မတတို့တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးအတွက်ဆွေးနွေး”
17 Sep
တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင်ရောက်ရှိနေသည့် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောသည် စက်တင်ဘာလ ၁၆ ရက် ညနေပိုင်းက တရုတ်နိုင်ငံ ဒု-သမ္မတ မစ္စတာဟန်ကျင့်နှင့် နန်နင်းမြို့ရှိ လိယွမ်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ ပါတယ်။ တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးနှင့်ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ဆက်လက်တိုးမြှင့်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံအပြန်အလှန် အထောက်အကူပြုလျက်ရှိတဲ့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါအပြင် မြန်မာ-တရုတ်နှစ်နိုင်ငံကြား မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုအပါအဝင် နယ်စပ် ဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံအနေဖြင့် မန္တလေး ငလျင်ကြီး အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများတွင် ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ညပိုင်းတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံနိုင်ငံများ၊ ဖိတ်ကြားထားသည့် နိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းကလည်း လျှိကျိုးမြို့ရှိ Guangxi Liugong Machinery Co.,Ltd Global R & D Center ကိုကြည့်ရှုလေ့လာခဲ့ပါတယ်။ အဆိုပါ စက်ရုံတွင် အဆင့်မြင့် နည်းပညာများဖြင့် တီထွင်ထုတ်လုပ်လျက်ရှိတဲ့ စက်ယန္တရားကြီးများ၊ EV စက်ယန္တရားကြီးများနှင့်စက်ပစ္စည်း အစိတ် အပိုင်းများ၊ စက်ရုံမှထုတ်လုပ်သည့် EV Loader နဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်များ၌ အဝေးထိန်းစနစ်ဖြင့် လုပ်ငန်း ဆောင်ရွက်မှုပြကွက်တို့ကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်ဝန်းစီမံကိန်းကြီးများတွင် စက်ရုံထုတ် စက်ယန္တရားကြီးများဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှုကိုလည်း ကြည့်ရှုလေ့လာ၍ နိုင်ငံတော် ဝန်ကြီးချုပ်မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါတယ်။ (NVS-008)