ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ နောင်ချိုဘူတာ၊ ဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများကို ပြည်ထောင်စု ဝန်ကြီး ဦးမြထွန်းဦး ကြည့်ရှုစစ်ဆေး
16 Sep
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ နောင်ချိုဘူတာ ဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး က တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၄ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ဂုတ်ထိပ်တံတားသည် သမိုင်းအမွေအနှစ်တံတားလို့ မူလလက်ရာဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်များကိုမှာကြားပြီး လုပ်ငန်းခွင်မှဝန်ထမ်းများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပါတယ်။ အဲဒီနောက် ဂုတ်ထိပ်ဘူတာရုံ၌ သီးသန့်ထိန်းသိမ်း ပြသထားသည့် ဂုတ်ထိပ်တံတား စတင်တည်ဆောက်ခဲ့စဉ်က ရှားပါးမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကာ ဘူတာဝန်ထမ်းများနှင့် တံတားမွမ်းမံပြင်ဆင်ရေး တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာဝန်ထမ်းများ၊ နောင်ချိုမြို့၌ တာဝန်ထမ်းဆောင်နေကြသည့် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် သီးခြားစီတွေ့ဆုံပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါတယ်။ ဂုတ်ထိပ်တံတားကို ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား မန္တလေး-လားရှိုး ရထားလမ်းကြောင်းပေါ်၌တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ပေ ၂၂၀၀ ကျော်ရှည်လျား၍ ပေ ၅၀၀ ခန့် အနက်ရှိသည့် လျှိုချောက်ကြီး၏ တစ်ဖက်တစ်ချက်ရှိ တောင်နံရံနှစ်ခုကို ဖြတ်သန်းဆက်သွယ် ဖောက်လုပ် ထားခြင်းဖြစ်ပါတယ်။ တံတားကြီးကို လန်ဒန်မြို့ရှိ Sir A.M.R Rendel & Co., က ဒီဇိုင်းရေးဆွဲ၍ အမေရိကန်ပြည်ထောင်စုမှ Pennsylvania & Maryland Bridge and Construction Co., က ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးခဲ့ပါတယ်။ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ရာ ယခုအခါ သက်တမ်းနှစ်ပေါင်း ၁၂၀ ကျော်ခဲ့ပြီး တံတားအရှည်ပေ ၂,၂၆၀ ခန့်၊ တံတားသံမဏိတိုင်အမြင့်ပေ ၃၂၀ အပါအဝင် လျှိုကြမ်းပြင်မှ ရထားသံလမ်းမျက်နှာပြင်အထိ အမြင့် ၈၂၅ ပေခန့် မြင့်မားသောကြောင့် ၎င်းကာလက ကမ္ဘာ့အမြင့်ဆုံး သံမဏိတံတားအဖြစ် မှတ်တမ်းဝင်ခဲ့ကာ သံနှင့်သံမဏိ တန်ချိန် ၄,၃၁၁ တန်၊ သံမှိုတစ်သန်းခန့်သုံးစွဲထားပြီး မတ်စောက်သည့် တောင်စောင်းများအကြား ခက်ခဲစွာ တည်ဆောက်ထားခြင်းဖြစ်လို့ မီးရထားဖြင့် လိုက်ပါစီးနင်းလျှင် တွေ့မြင်ရသည့် သံမဏိတံတားနှင့် ပတ်ဝန်းကျင်ရှုခင်းအလှအပမှာ လွန်စွာကျော်ကြားပြီး မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဖွယ်ရာ အံ့မခန်းထင်ရှားသည့် တံတားတစ်စင်းဖြစ်ပါတယ်။(NVS 008)