မြေပဒေသာကျွန်းမှာ Safe Food from Safe Farm Market ကို ဖွင့်လှစ်ရောင်းချပေးလျက်ရှိ

16 Sep

မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူး၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ရန်ကုန်မြို့ မြေပဒေသာကျွန်းတွင် Safe Food from Safe Farm Market ကို ဖွင့်လှစ်ရောင်းချပေးနေကြောင်း သိရပါတယ်။ ထိုဈေးတွင် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ၏ ဓာတုဆေးဝါးကင်းစင်၍ ဘေးကင်းစိတ်ချရသည့် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များနှင့် အစားအသောက် များ၊ လူသုံးကုန်များကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ အဆိုပါ Market ကို ၂၀၁၃ ခုနှစ်မှစ၍ စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် ကိုဗစ်ကာလတွင် ရပ်နားပြီးနောက် ယခုမှသာ ပြန်လည်ဖွင့်လှစ်ရခြင်း ဖြစ်ပါတယ်။ ရောင်းချခွင့် ရရှိ တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များ ကို အော်ဂဲနစ်နဲ့ စိုက်ပျိုးခြင်း၊ GAP စနစ်နဲ့စိုက်ပျိုးခြင်း၊ သဘာဝအတိုင်း စိုက်ပျိုးခြင်းများကိုသာ ရောင်းချခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ စိုက်ပျိုးသူများအနေနဲ့ အသိအမှတ်ပြု လက်မှတ် မလိုအပ်ဘဲ သဘာဝအတိုင်း ကိုယ်တိုင်စိုက်ပျိုးခဲ့ကြောင်း အာမခံပါက ရောင်းချခွင့် ပြုထားကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။ အဆိုပါ ဈေးအတွင်းရောင်းချပေးနေတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို အကျိုးအမြတ်ထက် စားသုံးသူများအတွက် Safe Food ဖြစ်စေချင်သည့်အတွက် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ ဈေးနှုန်းအနေနဲ့ သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါတယ်။ အဆိုပါဈေးကိုအပတ်စဉ် စနေနှင့် တနင်္ဂနွေ နေ့တိုင်းတွင် နံနက် ၆ နာရီမှ နေ့လယ် ၁ နာရီအထိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 008)

16 Sep

ADVERTISE HERE .