ဂါဇာဒေသ၌ ဆောင်ရွက်နေသည့် အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုများအား အကူအညီပေးမည်ဟု အမေရိကန် ပြောကြား
16 Sep
ဂါဇာဒေသ၌ ဆောင်ရွက်နေသည့် အစ္စရေးတပ်မတော်၏ တိုက်ခိုက်မှုများအား အမေရိကန်က အကူအညီများ ပေးမည်ဟု အစ္စရေးနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ပြောကြားသည်။ ဟားမတ်စ်အဖွဲ့အား ချေမှုန်းရေးအတွက် ဆောင်ရွက်ရန် ၎င်းကပန်ကြားခဲ့သည်။ ဂါဇာဒေသခံများသည် ကောင်းမွန် သည့် အနာဂတ်ကိုရရှိရေးအတွက် ထိုက်တန်သူများဖြစ်ကြောင်းနှင့် ဟားမတ်စ်အဖွဲ့ကို ချေမှုန်းမှသာ ၎င်းတို့ အနာဂတ်ကို ရရှိမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပစဉ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။ မကြာမီက ကာတာနိုင်ငံ ဒိုဟာမြို့တွင် ညှိနှိုင်းရေးအတွက် ရောက်ရှိနေသည့် ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့ အား အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ အာရပ်နိုင်ငံများ၏တုံ့ပြန်မှုကို စောင့်ကြည့်ရမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ မာကိုရူဘီယို အစ္စရေးသို့ လာရောက်လည်ပတ်နေသည့်အချိန်တွင် အစ္စရေး တပ်မတော်က ဂါဇာဒေသတွင် တိုက်ခိုက်မှုများဆောင်ရွက်နေသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရ သည်။