အမေရိကန်နှင့်တရုတ်တို့ကြား ကုန်သွယ်ရေးဆွေးနွေးမှုက အောင်မြင်မှုရရှိဟု ထရမ့်ပြော
16 Sep
အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ကုန်သွယ်ရေးတာဝန်ရှိသူများကြား လုပ်ဆောင်သည့် ကုန်သွယ်ရေးဆွေးနွေး မှုက အောင်မြင်မှုရရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က စက်တင်ဘာလ ၁၅ ရက်တွင် ပြောသည်။ ထိုအောင်မြင်မှုတွင် TikTok ကိစ္စပါဝင်သည့် သဘောတူညီချက်တစ်ခုပါဝင်ကြောင်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ယခုသီတင်းပတ်အကုန်ပိုင်းတွင် စကားပြောဆိုသွားရန် စီစဉ်ထားကြောင်း ထရမ့် က ဆက်ပြောသည်။ အမေရိကန် နိုင်ငံမှ ကုန်သွယ်ရေးကိုယ်စားလှယ် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့် က တရုတ်နိုင်ငံမှကုန်သွယ်ရေး ကိုယ်စား လှယ်များနှင့်ဆွေးနွေးမှုတွင် TikTok သဘောတူညီချက်အတွက် မူဘောင်တစ်ခုကို ရရှိခဲ့ကြောင်း ဆွေးနွေးပွဲပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ထို့ပြင် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ခေါင်းဆောင်များက စက်တင်ဘာ လ ၁၉ ရက်တွင် စကားပြောဆိုကာ သဘောတူညီချက်ကို အပြီးသတ်ရန်စီစဉ်ထားသည်ဟု စကော့ဘတ်ဆန့် က ဆက် ပြောသည်။ တရုတ်နိုင်ငံမှ ကုမ္ပဏီတစ်ခုဖြစ်သည့် ByteDance က ပိုင်ဆိုင်ထားသော TikTok လူမှုကွန်ရက်အတွက် သဘောတူညီချက်နှင့်ပတ်သက်၍ အချက်အလက်အချို့ကို သတင်းထောက်များကမေးမြန်းရာ အဆိုပါ လူမှုကွန်ရက် ကို အမေရိကန်နိုင်ငံအတွင်း အမေရိကန်က ထိန်းချုပ်ထားသော ပိုင်ဆိုင်မှုအောက်တွင် ဆက်လက်လည်ပတ်သွား နိုင်ခြေရှိကြောင်း၊ သို့သော် သဘောတူညီချက်ကို နိုင်ငံ့ခေါင်းဆောင်နှစ်ဦးက အပြီးသတ်ပေးမည်ဖြစ်ကြောင်း ဘတ်ဆန့် က ပြောထားသည်။ အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားနေစဉ် နှစ်နိုင်ငံတာဝန်ရှိသူများက ယခုကဲ့သို့ တံခါးပိတ်တွေ့ဆုံဆွေးနွေးမှုကို လုပ်ဆောင်ခြင်းဖြစ်သည်။ တရုတ်နိုင်ငံဒုတိယ ဝန်ကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နောက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲလုပ်ဆောင်သွားမည် ဖြစ် ကြောင်း Southern China Morning Post သတင်းစာဖော်ပြချက်အရ သိရသည်။