“ရုရှားက ဘယ်လာရုစ်နှင့်စစ်ရေးလေ့ကျင့်မှုအတွင်း အသံနှုန်းလွန်ဒုံးကျည်များနှင့် ဗုံးကြဲလေယာဉ်များကို အသုံးပြု”

15 Sep

ရုရှားနိုင်ငံက Zapad အမည်ရှိ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ဘယ်လာရုစ်နိုင်ငံနှင့်လုပ်ဆောင်လျက်ရှိရာ စက်တင်ဘာလ ၁၄ ရက်တွင် အသံနှုန်းလွန်ဒုံးကျည်ဖြစ်သည့် Zircon ဒုံးကျည်ပစ်ခတ်မှုနှင့် အသံထက်မြန် တိုက်ခိုက်ရေး ဗုံးကြဲလေယာဉ်များကို အသုံးပြုကြောင်း သိရသည်။ ဘားရန့်ပင်လယ်ပြင်အတွင်းရှိ ပစ်မှတ်တစ်ခုကို Zircon ဒုံးကျည် အသုံးပြု၍လည်းကောင်း၊ အခြားပစ်မှတ်များကို Su-34 အသံထက်မြန် တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်များ အသုံးပြု၍ လည်းကောင်း လေ့ကျင့်မှုများပြုလုပ်သည်။ အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို စက်တင်ဘာလ ၁၂ ရက်တွင် စတင် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုစစ်ရေးလေ့ကျင့်ခန်းကို လုပ်ဆောင်ရခြင်းသည် ရုရှား သို့မဟုတ် ဘယ်လာရုစ်နိုင်ငံ တိုက်ခိုက်ခံရပါက စစ်ဘက်ဆိုင်ရာကွပ်ကဲမှုနှင့်ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန် ရည်မှန်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ယခုလုပ်ဆောင်သော စစ်ရေးလေ့ကျင့်ခန်းသည် ခံစစ်သဘောဆောင်သော လေ့ကျင့်ခန်းသာဖြစ်ပြီး မည်သည့် NATO တပ်ဖွဲ့ဝင်နိုင်ငံကိုမျှ တိုက်ခိုက်ရန်ရည်ရွယ်ခြင်းမဟုတ်ကြောင်း ရုရှားနှင့်ဘယ်လာရုစ်အစိုးရ တာဝန် ရှိသူများက ထုတ်ပြန်ထားသည်။ အလားတူ ရုရှားနိုင်ငံ၏ မြောက်ပိုင်းရေယာဉ်စုမှ တာဝေးသွားရေငုပ်သင်္ဘောဖျက် လေယာဉ်များကလည်း ထိုစစ်ရေးလေ့ကျင့်ခန်းတွင်ပါဝင်ကြောင်း၊ Su-34 တိုက်ခိုက်ရေးဗုံးကြဲလေယာဉ်များမှ စစ်သည်များက မြေပြင်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။ Zircon ဒုံးကျည်သည် အသံထက် ၉ ဆ မြန်သောနှုန်းဖြင့် ပျံသန်းကာ ကီလိုမီတာ ၁,၀၀၀ ကျော်အကွာအဝေးအတွင်းရှိသော ပင်လယ်ပြင်နှင့်မြေပြင်ရှိ ပစ်မှတ်များကို တိကျမှုရှိစွာ ထိမှန်နိုင် စွမ်းရှိကြောင်း The Bangkok Post သတင်းဌာနဖော်ပြချက်အရ သိရသည်။

15 Sep

ADVERTISE HERE .