“လာမည့်စိုက်ပျိုးရာသီအမီ တောင်သူရွေးချယ်ပေးသည့် အကြိုက်ဆုံးစပါးမျိုးကို အချိန်မီဖြန့်ဝေရန် မျိုးပွား ထုတ်လုပ်ပေးသွားမည်”

15 Sep

စိုက်ပျိုးရေးသုတေသနဦးစီးဌာန က မိုးရေရရှိမှုနည်းပါးသော မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်သည့် ရေအနည်း ငယ်သာလိုတဲ့ ရေငတ်ဒဏ်ခံ ယာစပါးမျိုး ၄ မျိုးကို စမ်းသပ်စိုက်ပျိုးထားပြီး ၎င်းယာစပါးမျိုး ၄ မျိုးအနက်မှ တောင်သူများ ကိုယ်တိုင်ရွေးချယ်ပေးသည့် အကြိုက်ဆုံးမျိုးစပါးကို လာမည့်စိုက်ပျိုးရာသီအချိန်မီဖြန့်ဝေရန် ဌာနပိုင်ခြံများတွင် မျိုးပွား ထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်မှာ ကျင်းပတဲ့ ယာစပါးမျိုး ၄ မျိုးကို တောင်သူများကိုယ်တိုင် ရွေးချယ်သည့်အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ပြောကြားခဲ့ပါတယ်။ ယခုကဲ့သို့ မိုးရေရရှိမှုနည်းပါးသော မြေပြန့်ဒေသများတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ချက် သည် ဒေသဝမ်းစာဖူလုံရေးအတွက်သာမက ဖောက်ပြန်ပြောင်းလဲလျက်ရှိသည့် ရာသီဥတုကြောင့် မိုးခေါင်ခြင်း၊ ရေကြီး ခြင်း၊ အပူချိန်မြင့်တက်ခြင်းအပါအဝင် သဘာဝဘေးဆိုင်ရာ စိန်ခေါ်မှုများ ရင်ဆိုင်ကျော်လွှားနိုင်ရေးကိုလည်း ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်တာကြောင့် စားရေရိက္ခာဖူလုံရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဂေဟစနစ်တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး က အဆိုပါအခမ်းအနားတွင် တိုက်တွန်းပြောကြား ခဲ့ခြင်းဖြစ်ပါတယ်။ ရေငတ်ခံစပါးစိုက်ပျိုးခြင်းက ရေလိုအပ်ချက်နည်းပြီး မိုးခေါင်ဒဏ်၊ အပူဒဏ်ခံနိုင်ရည်ရှိသဖြင့် မိုးရေရရှိမှု နည်းပါးသော မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်ခြင်း၊ သက်တမ်းတိုခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်နိုင်ပြီး မီသိန်းဓာတ်ငွေ့ ထုတ်လုပ်မှုနည်းပါးမှုကြောင့် ရာသီဥတုပြောင်းလဲမှုအပေါ် သက်ရောက်မှုနည်းပါးစေခြင်းစတဲ့ အားသာ ချက်များရှိနေတာကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသတွင် စိုက်ပျိုးထုတ်လုပ်ရန် စီမံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ယာစပါးစိုက်ခင်းများကို ဆည်ရေသွင်းရန်မလိုဘဲ သဘာဝမိုးရေတစ်မျိုးတည်းနဲ့သာ စိုက်ပျိုးနိုင်တဲ့အပြင် လေ့လာချက်များအရ ရေနံချောင်း၊ ချောက်မြို့နယ် စတဲ့ အပူပိုင်းဒေသများတွင်ပါ သဘာဝအတိုင်းရရှိတဲ့ မိုးရေဖြင့် စိုက်ပျိုးနိုင်တဲ့ စပါးမျိုးများဖြစ်ကြောင်း သိရပါတယ်။ (NVS-008)

15 Sep

ADVERTISE HERE .