“ပို့ကုန်ကုမ္ပဏီကြီးများအနေနဲ့ တောင်သူများထံမှ စပါး/ဆန်ဝယ်ယူမှုများကို အင်တိုက်အားတိုက်ဆောင်ရွက်ပြီး ဈေးကွက်ဝယ်လိုအားကို မြှင့်တင်ပေးရန် MRF တိုက်တွန်း”

15 Sep

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ပို့ကုန်ဆောင်ရွက်နေသည့် Exporter ကုမ္ပဏီကြီးများအနေနဲ့ မိမိတို့ ပုံမှန်ဝယ်ယူနေသော ဒေသရှိ နယ်စက်ပိုင်/နယ်ကုန်သည်များနှင့်ချိတ်ဆက်၍ တောင်သူများထံမှ စပါး/ ဆန်ဝယ်ယူမှု များကို အင်တိုက်အားတိုက်ဆောင်ရွက်ပြီး ဈေးကွက်ဝယ်လိုအားကို မြှင့်တင်ပေးရန် တိုက်တွန်းထားပါတယ်။ ၂၀၂၅ ခုနှစ် မိုးစပါးရာသီ၊ ကောက်စောစပါး အနည်းငယ်စတင်ပေါ်ထွက်နေပြီး ဒေသအချို့တွင် စပါး/ဆန် ဝယ်လိုအား ကျဆင်းနေ၍ ဈေးနှုန်းများကျဆင်းကာ စပါးစိုက်တောင်သူလယ်သမားများ စိုးရိမ်ပူပန်နေရကြောင်း၊ တောင်သူလယ်သမားများ၏ ဝင်ငွေထိခိုက်နိုင်ကြောင်း သုံးသပ်တင်ပြချက်များ ပေါ်ထွက်နေကြောင်း MRF က ဆိုပါတယ်။ နိုင်ငံတကာဆန်ဈေးနှုန်းများ ကျဆင်းခဲ့သော်လည်း ယခုအချိန်ဖြစ်ပေါ်နေသည့် ဈေးနှုန်းထက် ထပ်မံကျဆင်းရန် မဖြစ်နိုင်တော့ကြောင်း နိုင်ငံတကာဈေးကွက်ကျွမ်းကျင်သူများမှ သုံးသပ်ထားကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အသင်းဝင်ပို့ကုန်ဆောင်ရွက်နေတဲ့ Exporter ကုမ္ပဏီကြီးများအနေဖြင့် မိမိတို့၏ပုံမှန် ဝယ်ယူနေသောဒေသရှိ နယ်စက်ပိုင်/ နယ်ကုန်သည်များနှင့် ချိတ်ဆက်၍ တောင်သူများထံမှ စပါး/ ဆန် ဝယ်ယူမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ပြီး ဈေးကွက်ဝယ်လိုအားကို မြှင့်တင်ပေးရန်နှင့် ထိုသို့ ဝယ်ယူမှု၊ ဝယ်ယူပြီးစီးမှုအပေါ် သယ်ယူပို့ဆောင်မှု၊ ဆန်ကြိတ်ခွဲမှု၊ ပြည်ပတင်ပို့မှုစတဲ့ ကိစ္စရပ်များအပေါ် ငွေကြေး/လုပ်ငန်းအခက်အခဲများ ဖြစ်ပေါ်ပါက အသင်းချုပ်သို့ အချိန်နှင့်အညီ ချိတ်ဆက်တင်ပြပေးပါရန်နှင့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မှတ်တမ်းပြုစုထားရှိပေးနိုင်ပါရန် အသိပေးထားပါတယ်။ အဆိုပါ စပါး/ဆန်ဝယ်ယူစုဆောင်းမှုမှတ်တမ်းကို အသင်းချုပ်၏ [email protected] သို့ အပတ်စဉ် သောကြာနေ့တိုင်း ပေးပို့ပေးရန် အလေးအနက်ထား၍ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ညှိနှိုင်းအသိပေး အကြောင်းကြား ထားပါတယ်။ (NVS-008)

15 Sep

ADVERTISE HERE .