အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်(၁)နှင့်အမှတ်(၂)တို့အား လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး

14 Sep

ရာဂီမုန်တိုင်းကြောင့် ရေဝင်နစ်မြုပ်ခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက် နှစ်လုံးအနက် အမှတ်(၁) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ပြီး စမ်းသပ်မောင်းနှင် လည်ပတ်နေမှုနှင့် အမှတ်(၂) ဓာတ်အားပေးစက် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုတို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၁၃ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ် နှစ်လုံးဖြင့် စုစုပေါင်း ၁၄၀ မဂ္ဂါဝပ်ကို ၂၃၀ ကေဗွီ အထက်ပေါင်းလောင်း-နန်ချို ဓာတ်အားလိုင်းဖြင့် နိုင်ငံတော်ဓာတ်အား စနစ် အတွင်းသို့ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄၅၄ ကီလိုဝပ် နာရီသန်းခန့် ထုတ်လုပ်ပေးလျက်ရှိရာ ရာဂီမုန်တိုင်း အရှိန် ကြောင့် မိုးသည်းထန်စွာ ရွာသွန်း၍ ထူးကဲစွာရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ဓာတ်အားပေးစက်ရုံ အဆောက်အအုံ အတွင်း ဓာတ်အားပေးစက်အစိတ်အပိုင်းများ တပ်ဆင်ထားသည့် စက်ရုံမြေအောက်ထပ်များ အားလုံးရေဝင်နစ်မြုပ်ခဲ့တဲ့ အတွက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဓာတ်အားထုတ်လုပ်မှုများ ရပ်နားခဲ့ရပါတယ်။ ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ အမှတ်(၁) ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်ကို ပြန်လည်ပြုပြင်ပြီးဖြစ်သဖြင့် စမ်းသပ်မောင်းနှင်လည်ပတ်လျက်ရှိပြီး အမှတ်(၂)ဓာတ်အားပေးစက် ၇၀ မဂ္ဂါဝပ်ကိုလည်း အမြန်ဆုံးစမ်းသပ်မောင်းနှင် လည်ပတ်ပြီး ဓာတ်အားထုတ်လုပ်နိုင်ရေး ပြုပြင်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။(NVS 004)

14 Sep

ADVERTISE HERE .